The network connection is lost.

Banner Image

ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုအပြီး မန်စီးတီးအသင်းကို ကျေးဇူးတင်စကား ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ခက်ခဲတဲ့ဘောလုံးရာသီတစ်လျှောက်လုံး စိတ်ရှည်သည်းခံပေးခဲ့လို့ သူ့ရဲ့ကလပ်အသင်းကို ကျေးဇူးတင်စကားဆိုလိုက်ပြီး အခြားထိပ်တန်းကလပ်အသင်းတွေမှာဆိုရင် ရာထူးမှ ထုတ်ပယ်ခံရပြီးပြီလို့ ရှင်းပြခဲ့ပါတယ်။

အတက်အကျများပြားခဲ့တဲ့ဘောလုံးရာသီတစ်ခုနဲ့ပတ်သက်လို့ ကတ္တလန်သားနည်းဗျူဟာရှင်က မန်စီးတီးမှာ သူရဲ့နေရာတည်မြဲနေမှုအတွက် ဘယ်လောက်အထိ ကံကောင်းသလဲဆိုတာ ဖွင့်ဟသွားခဲ့ပါတယ်။ အခြားဥရောပလိဂ်တွေရဲ့ နည်းပြတွေအပေါ်စိတ်ရှည်သည်းခံမှုနည်းပါးခြင်းကို ကိုးကားကာ ပက်ဂွါဒီယိုလာက အသင်းဟောင်းဘာစီလိုနာမှာတောင် အခုလောက်ရုန်းကန်နေရမယ်ဆိုရင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်မှာ ရာထူးမှထုတ်ပယ်ခံရပြီးဖြစ်လိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။

မန်စီးတီးရဲ့ ၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ဘောလုံးရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေမယ့် ရမှတ် ၇၁ မှတ်ဖြင့် ပိတ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အခုအခြေအနေက လွန်ခဲ့တဲ့ဘောလုံးရာသီလေးခုဆက် တစ်ရာသီပျှမ်းမျှရမှတ် ၉၀ နီးပါး ရှာဖွေနိုင်တဲ့ ကလပ်အသင်းတစ်ခုအတွက် အတော်လေးကျဆင်းသွားမှုကို ပြသပေးနေပါတယ်။ ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီ၊ စွမ်းဆောင်ရည်ပိုင်းဟာ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့ဘဲ လေးလေးနက်နက်ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။

DAZN သတင်းဌာနဆီ ပက်ဂွါဒီယိုလာက “ အဆင်မပြေဖြစ်နေချိန်တိုင်း ကျွန်တော်က ကိစ္စတိုင်းကို အမြဲတမ်းလှည့်ပြောင်းပေးနိုင်ခဲ့ပေမယ့် အခုဘောလုံးရာသီမှာတော့ အဲ့ဒီလိုမျိုး မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အတွက် အတော်လေးကံကောင်းခဲ့ပါတယ်။ ဒီလိုပုံစံမျိုး စပိန်မြေမှာ ဖြစ်မယ်ဆိုရင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်နဲ့တင် ကျွန်တော့်ရဲ့ရာထူးကို ဆုံးရှုံးသွားနိုင်ပါတယ်။ ဘာစီလိုနာပဲဖြစ်ဖြစ်၊ ရီးရဲလ်မက်ဒရစ်ပဲဖြစ်ဖြစ် ကျွန်တော့်ကို ထုတ်ပယ်ပစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအသင်းမှာတော့ မေးခွန်းထုတ်မှုတောင် မရှိခဲ့ပါဘူး။ နည်းနည်းတော့ စိတ်ရှည်ပေးရပါမယ်။ ချန်ပီယံလိဂ်ဖလားယူပေးခဲ့တဲ့ အန်ဆယ်လော့တီကိုပဲ ကြည့်လိုက်ပါ၊ လာလီဂါပြိုင်ပွဲအပြီး လေးရက်အကြာမှာပဲ ဘရာဇီးမှာနည်းပြတာဝန်ယူဖို့ ထွက်ခွာသွားရပါတယ်”လို့ ပြောပါတယ်။

ပရိသတ်အချို့ကတော့ အခုနွေရာသီမှာ ပက်ဂွါဒီယိုလာထွက်ခွာသွားနိုင်တယ်လို့ ယူဆခဲ့ပေမယ့် စပိန်သားနည်းပြက ကိစ္စတိုင်းကို အလှည့်အပြောင်းပြုလုပ်ကာ လာမယ့်ရာသီ၊ ထိပ်ဆုံးအဆင့်ဆီ ပြန်လည်တက်လှမ်းနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ယူဆရပါတယ်။ အခြားတဖက်မှာလည်း အခုနွေရာသီကာလအတွင်း သူ့အသင်းလူစာရင်းပိုင်းကို ပြန်လည်ချိန်ညှိပေးခြင်းမရှိဘူးဆိုရင် ကလပ်အသင်းမှ ထွက်ခွာရလိမ့်မယ်လို့ ပက်ဂွါဒီယိုလာက ခြိမ်းခြောက်ဖူးပါတယ်။ အခုလိုခြိမ်းခြောက်တောင်းဆိုမှုကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း အီတီဟတ်မှာ အပြောင်းအလဲများစွာ မြင်တွေ့လာရနိုင်ပါတယ်။