
ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားခြင်းမရှိသေးကြောင်း ဒေါ့မွန်အားကစားဒါရိုက်တာပြော
ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆီဘက်ရှန်ခဲလ်က အသင်းမှာ ၂ ကြိမ်အထိကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ယခုနွေရာသီမှာတော့ အပြီးသတ်ခေါ်ယူဖို့ စီစဉ်ထားခြင်းမရှိသေးကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီအကုန်မှာ ချဲလ်ဆီးနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဂျေဒန်ဆန်ချိုဟာ အသင်းဟောင်းဒေါ့မွန်သို့ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ ကောလာဟလတွေထွက်ပေါ်နေခဲ့ပါတယ်။
သို့သော်လည်း ဒေါ့မွန်အားကစားဒါရိုက်တာကတော့ အသင်းဟာ အခြားကစားသမားတွေကိုပစ်မှတ်ထားစောင့်ကြည့်နေတာကြောင့် ဆန်ချိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ခေါ်ယူဖို့အစီအစဉ်မရှိသေးကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ဆီဘက်ရှန်ခဲလ်က "ကျွန်တော်တို့က ဆန်ချိုနဲ့ အချိန်အကြာကြီးဖြတ်သန်းခဲ့တာဆိုတော့ အဆက်အသွယ်ရှိနေတုန်းပါ။ ဒါပေမယ့် ခေါ်ယူဖို့အတွက်တော့ အသင်းမှာအစီအစဉ်မရှိသေးပါဘူး။ လောလောဆယ်မှာ ကျွန်တော်တို့ အခြားပစ်မှတ်တွေကို အာရုံစိုက်နေတာကြောင့် ဆန်ချိုရဲ့ကိစ္စက ကောလာဟလတစ်ခုထက် မပိုသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆန်ချိုဟာ ကစားသမားဘဝအတောက်ပဆုံးအချိန်တွေကို ဒေါ့မွန်မှာ ပုံဖော်နိုင်ခဲ့ပြီး ဂျာမန်ကလပ်အတွက် စုစုပေါင်း ၁၅၇ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၅၃ ဂိုး၊ ဂိုဖန်တီးမှု ၆၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ထိပ်တန်းခြေစွမ်းကိုပြသနိုင်ခဲ့ပေမယ့် အင်္ဂလန်သားဟာ ပရီးမီးယားလိဂ်မှာတော့ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတာကြောင့် ယခုအခါမှာ ချဲလ်ဆီးကလည်း အပြီးသတ်ဝယ်ယူခြင်းမရှိဘဲ လျော်ကြေး ပေါင် ၅ သန်းပေးပြီး ယူနိုက်တက်သို့ ပြန်လည်စေလွှတ်ခဲ့ပါတယ်။
ဆန်ချိုဟာ ချဲလ်ဆီးမှာ ၁ ရာသီအငှားနဲ့ကစားခဲ့ပေမယ့် ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးသာရရှိခဲ့ပါတယ်။ ကစားသမားအနေနဲ့ ဒေါ့မွန်နဲ့ချိတ်ဆက်နိုင်ခြင်းမရှိပါက ဆော်ဒီမြေသို့ခြေချလာဖွယ်ရှိနေပြီး ဆော်ဒီပရိုလိဂ်ကလပ်တွေဖြစ်တဲ့ အယ်လ်နာဆာ၊ အယ်လ်ဟီလယ်နဲ့ အယ်လ်အစ်တီဟတ်တို့က ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။ The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ကလည်း ဆန်ချိုကို အသင်းရဲ့လူစာရင်းမှာထည့်သွင်းဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရပါတယ်။