The network connection is lost.

Banner Image

ဝက်စ်ဟမ်းနဲ့ပွဲမှ ဗန်ဒီဗန်ရဲ့ဂိုးကို ဂိုးအဖြစ်ထည့်မတွက်ဘူးလို့ဆိုလာတဲ့ သောမတ်စ်ဖရန့်ခ်

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က စနေနေ့ကဝက်စ်ဟမ်းကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် တတိယမြောက်သွင်းဂိုးကိုရယူပေးခဲ့တဲ့ နောက်ခံလူ မစ်ကီဗန်ဒီဗန်ရဲ့ဂိုးကို အသိအမှတ်မပြုကြောင်း အရွှန်းဖောက်ပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အနိုင်ဂိုး ၃ ဂိုးစလုံးကို ဒုတိယပိုင်းမှ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဖွင့်ဂိုးကိုတော့ ကွင်းလယ်လူပါပေးဆားကခေါင်းတိုက်သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုလည်း လူငယ်ကြယ်ပွင့် ဘာ့ဂ်ဗောက ခေါင်းတိုက်သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ 

တတိယမြောက်ဂိုးကို ပွဲကစားချိန် ၆၄ မနစ်မှာ ဗန်ဒီဗန်က ဘာ့ဂ်ဗောရဲ့ပေးပို့မှုတစ်ဆင့်သွင်းယူပေးခဲ့တာဖြစ်ပြီး တော့တင်ဟမ်ကို အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်လှမ်းစေခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၈၀ မှာတော့ ဗန်ဒီဗန်ကို ကီဗင်ဒန်ဆိုနဲ့လူစားလဲခဲ့ပြီး ကွင်းထဲကထွက်ခွာလာချိန်မှာ ဗန်ဒီဗန်ဟာ နည်းပြသောမတ်စ်ဖရန့်ခ်နဲ့ ရယ်ရယ်မောမောစကားပြောနေခဲ့ပါတယ်။ 

ပွဲအပြီးမှာ ဗန်ဒီဗန်နဲ့ဘာတွေပြောခဲ့ကြသလဲလို့ မေးမြန်းခဲ့ရာ ဖရန့်ခ်က "ကျွန်တော်က သူသွင်းမယ့်ဂိုးကို တည်ကန်ဘောကနေ လိုချင်တာပါ။ ပြောရမယ်ဆို ခေါင်းတိုက်သွင်းတာမျိုးပေါ့။ အခုတော့ သူက ခြေထောက်နဲ့ကန်သွင်းခဲ့တာဖြစ်လို့ ဂိုးအဖြစ်မသတ်မှတ်ကြောင်းပြောနေခဲ့တာပါ။ ကျွန်တော်သူ့ဆီကနေ ခေါင်းတိုက်ဂိုးပဲလိုချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်ရဲ့ ပထမပိုင်းပွဲကစားချိန်အတွင်း တော့တင်ဟမ်ဟာ ရိုမဲရိုးရဲ့ခေါင်းတိုက်ချက်နဲ့ဂိုးရခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဗန်ဒီဗန်က ဝက်စ်ဟမ်းနောက်ခံလူ ဝေါ်လ်ကာပီတာကို နောက်ကနေတွန်းထားခဲ့တယ်ဆိုပြီး ဂိုးအဖြစ်မှပယ်ဖျက်ကာ ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ဒဏ်ရာပြဿနာကြုံတွေ့နေရတဲ့ တော့တင်ဟမ်ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ကတော့ ကျေနပ်ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေဖန်ပြောဆိုမှုတွေပြုလုပ်ထားပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး လက်ရှိပိုင်ဆိုင်ထားတဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။