The network connection is lost.

Banner Image

စာချုပ်သစ်အတွက် အာဆင်နယ်နဲ့ဆွေးနွေးသွားဖွယ်ရှိတဲ့ ပါတေး

အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီး လန်ဒန်မြေကိုစွန့်ခွာမယ်လို့ ယူဆထားကြပေမယ့် ယခုအခါမှာတော့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 

အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးပါက အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ အာဆင်နယ်ဘက်က ပါတေးကို အသင်းမှာဆက်လက်ထားရှိဖို့ ရည်ရွယ်လာခဲ့တာဖြစ်ပါတယ်။ 

ပါတေးဟာ ကွင်းလယ်မှာသာမက ညာနောက်ခံနေရာမှာကစားနိုင်တဲ့ စွယ်စုံရကစားသမားတစ်ဦးဖြစ်တာကြောင့် နည်းပြချုပ် မီခေးလ်အာတီတာအနေနဲ့လည်း အသင်းမှာဆက်လက်အသုံးချလိုနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ကစားသမားဟာ အာဆင်နယ်မှာပျော်ရွှင်နေပြီး မိသားစုကလည်း လန်ဒန်မှာဆက်လက်နေထိုင်လိုနေတာကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိလာခဲ့တာဖြစ်ပါတယ်။ 

ပါတေးဟာ ၂၀၂၀ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်မှ အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ယခုအခါမှာတော့ The Athletic သတင်းဌာနရဲ့အဆိုအရ ကစားသမားဟာ အာဆင်နယ်နဲ့  ၁ နှစ် သို့မဟုတ် ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ထပ်မံချုပ်ဆိုသွားနိုင်တယ်လို့ သိရပါတယ်။ 

လာမယ့်ဧပြီလ ၂၉ ရက်နေ့မှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ပါတေးတစ်ယောက် အသင်းအတွက် ဘယ်လိုစွမ်းဆောင်ရည်တွေ ဆက်လက်ပြသသွားနိုင်မလဲ စောင့်ကြည့်ရပါမယ်။