
ရှုံးပွဲအပြီး အင်္ဂလန်အတွက် ခက်ခဲတဲ့သင်ခန်းစာတွေ ရရှိခဲ့ပြီလို့ အတိအလင်းဝန်ခံလိုက်တဲ့ တူချယ်
သောမတ်စ်တူချယ်က ဆီနီဂေါကို အံ့အားသင့်ဖွယ်ရှုံးနိမ့်မှုမှတဆင့် အင်္ဂလန်အသင်းအတွက် ခက်ခဲတဲ့သင်ခန်းစာများစွာ ရရှိလာခဲ့ပြီလို့ အတိအလင်းဝန်ခံပြောဆိုပါတယ်။ ဒီနေ့မနက်ပိုင်း၊ နော်တင်ဟမ်ဖောရက်စ်ရဲ့စီးတီးဂရောင်းကွင်းမှာကစားတဲ့ပွဲစဉ်အတွင်း အင်္ဂလန်က ဟယ်ရီကိန်းရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆီနီဂေါကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ ကမ္ဘာ့အဆင့်-၁၇၃ ရှိ အန်ဒိုရာကို စိတ်ပျက်ဖွယ်ပုံစံမျိုးဖြင့် အနိုင်ယူပြီးနောက် တုံ့ပြန်မှုတစ်ခု ပြသဖို့လိုအပ်နေပြီလို့ ပြောဆိုနေချိန်မှာပဲ ကမ္ဘာ့အဆင့်-၁၉ နေရာရှိ ဆီနီဂေါကို သမိုင်းတလျှောက် ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့လို့ တူချယ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပိုပြီးစိတ်ပျက်စရာဖြစ်လာပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းက လာမယ့်စက်တင်ဘာလအထိ ကစားရမယ့်ပွဲစဉ် မရှိသေးပါဘူး။ ဒါကြောင့် သူတို့တွေဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုမတိုင်ခင် တစ်နှစ်အလို ဇွန်လစခန်းသွင်းလေ့ကျင့်မှုဟာ အင်္ဂလန်အတွက် ထိခိုက်နစ်နာမှုများစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ဆီနီဂေါကို ရှုံးနိမ့်ပြီးနောက် တူချယ်က “ စမ်းသပ်ချက်တစ်ခုမှာ ကျွန်တော်တို့တွေ ကျရှုံးခဲ့ပါတယ်။ ထိတ်လန့်နေစရာအကြောင်း မရှိပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲက လာမယ့်သီတင်းပတ်အတွင်း ကျင်းပမှာ မဟုတ်ပါဘူး။ အချိန်တစ်နှစ်လောက် လိုပါသေးတယ်။
အနိုင်ရရှိလိုက်မယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။ ဒါဆိုရင် နောက်ထပ်ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ပါလိမ့်မယ်။ အခုတော့ ကျွန်တော်တို့မလိုချင်တဲ့ ရှုံးပွဲတစ်ခုနဲ့အတူ ပျော်စရာမကောင်းတဲ့ ခံစားချက်ဆိုးတွေနဲ့ လမ်းခွဲရပါဦးမယ်။ရှုံးနိမ့်မှုအတွက်တော့ ကျွန်တော် ဘယ်တော့မှ ဝမ်းမြောက်ဝမ်းသာဖြစ်နေမှာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ စမ်းသပ်မှုတွေနဲ့ စိန်ခေါ်မှုတွေအတွက်သာ ကျွန်တော်ဝမ်းသာမိပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အဆင့်-၂၀ အတွင်းရှိ အသင်းတစ်ခုရဲ့အရည်အသွေးကို ခံစားကြည့်ချင်ခဲ့တယ်။ ကျွန်တော်တို့ ဆီနီဂေါရဲ့အရည်အသွေးကို ခံစားမိပြီး ဒီနိုင်ပွဲက သူတို့အတွက် ဘယ်လောက်အထိ အဓိပ္ပါယ်ရှိသလဲဆိုတာ သိရှိလိုက်ရပါတယ်။
ကျွန်တော်တို့က အန်ဒိုရာနဲ့ပွဲစဉ်ထက် ပိုကောင်းအောင် ကစားချင်ခဲ့ပါတယ်။ ပြီးတော့ ဒီနေ့မှာ ပိုကောင်းအောင်လည်း လုပ်ပြချင်ခဲ့တယ်။ အရာရာတိုင်းတော့ ဆိုးရွားနေတာမျိုး မဟုတ်ပါဘူး။ ပွဲပြီးရလဒ်က ကျွန်တော်တို့ လိုချင်တဲ့ပုံစံမျိုး မဖြစ်လာပေမယ့် ခက်ခဲတဲ့သင်ခန်းစာတစ်ရပ်တော့ ရရှိလိုက်ပါတယ်”လို့ ပြောပါတယ်။
သူ့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်ချင်သလဲလို့ မေးမြန်ချိန် အင်္ဂလန်နည်းပြက “ ၁-၂ ဂိုးဖြစ်နေပြီး နောက်မှလိုက်ကစားနေရချိန် ကျွန်တော်တို့တွေ ပိုပြီးအသက်ဝင်နေဖို့ လိုအပ်တယ်လို့ ခံစားမိပါတယ်။ အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ဘောလုံးပိုင်ဆိုင်မှုက ကိုယ့်ကွင်းဘက်ခြမ်းမှာပဲ ရှိနေခဲ့ပါတယ်။
နှစ်ဂိုးပြတ်ဦးဆောင်နိုင်ဖို့ အခွင့်အလမ်းကောင်းနှစ်ကြိမ်ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ အရမ်းလွယ်ကူတဲ့ပုံစံမျိုးနဲ့ ပေးလိုက်ရတဲ့ ပေးဂိုးနှစ်ဂိုးနဲ့အတူ ရှုံးနိမ့်ခဲ့မှုကြောင့် ကျွန်တော်တို့မှာပဲ တာဝန်ရှိပါတယ်။ ဒီရလဒ်အတွက် ကျွန်တော် မပျော်ရွှင်မိပါဘူး။ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ ကျွန်တော်တို့အတွက် ပြဿနာတွေ ကြီးကြီးမားမားရှိခဲ့ပါတယ်။ တစ်ဦးချင်းရင်ဆိုင်မှုတွေမှာ ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်လာစေဖို့ ကျွန်တော်တို့တွေ အချိန်အများကြီး ယူရပါမယ်”လို့ ဆက်ပြောခဲ့ပါတယ်။