The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် လီဗာပူးနဲ့ အာဆင်နယ်အတွက် အားသာချက်ရှိလာလိမ့်မယ်လို့ ယုံကြည်နေတဲ့ တူချယ်

မန်စီးတီး၊ ချဲလ်ဆီးတို့ရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတောင်းဆိုချက်တွေကြောင့် လာမယ့်ရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ လီဗာပူးနဲ့ အာဆင်နယ်အတွက် ကြီးမားတဲ့အကျိုးကျေးဇူးတစ်ခု ရှိလာလိမ့်မယ်လို့ သောမတ်စ်တူချယ်က ယုံကြည်နေပါတယ်။

လာမယ့်စနေနေ့မှာ ကျင်းပတော့မယ့် ဖီဖာရဲ့ပြိုင်ပွဲသစ်နဲ့ပတ်သက်လို့ သူ့ရဲ့ကစားသမားတွေအပေါ် ဖြစ်လာနိုင်ချေရှိတဲ့ အကျိုးသက်ရောက်မှုကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြက စိတ်သက်သောင့်သက်သာရှိနေစေရန် ကြိုးစားနေရပါတယ်။ ဒါ့အပြင် သူက လာမယ့်နွေရာသီ၊ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သမိုင်းသစ်ရေးထိုးပေးချင်တဲ့ ရည်မှန်းချက်အကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် ဂျာမန်သားက အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းအတွက် အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ယူဆနေပြီး ကြိုးကြာနီနဲ့ ဂန်းနားတွေ အကျိုးများစေမယ်လို့ ယုံကြည်နေပါတယ်။

တူချယ်က “ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါက လာမယ့်ဘောလုံးရာသီမှာ လီဗာပူးနဲ့ အာဆင်နယ်တို့အတွက် ကြီးမားတဲ့အခွင့်အလမ်းတစ်ခု ယူဆောင်လာပါလိမ့်မယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက အခုပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေအတွက် အလွန်ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အတွေ့အကြုံသစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်မှာ ခံစားချက်တွေ ရောပြွန်းနေပါတယ်။ ကျွန်တော်အနေနဲ့ သိပ်ပြီးမစိုးရိမ်သင့်လို့ အရမ်းကြီးစိုးရိမ်နေတာမျိုးမဖြစ်အောင် နေသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ပေးထားချက်တစ်ခုဖြစ်ပြီး ဒီပြိုင်ပွဲမှတဆင့် ထွက်ပေါ်လာမယ့်ရလဒ်ကို ဘယ်သူမှ မသိရသေးပါဘူး။ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်ဆိုရင်လည်း ကျွန်တော်တို့က ဒီအကျိုးသက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသွားရပါလိမ့်မယ်။ စောင့်ကြည့်ကြတာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ အန်ဒိုရာနဲ့ရင်ဆိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ဒီည၊ ဆီနီဂေါနဲ့ခြေစမ်းပွဲစဉ်အတွက် ပါဝင်ကစားမယ့် တူချယ်ရဲ့ကစားသမားတွေအနက် ကိုးဦးကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ရပါလိမ့်မယ်။ တူချယ်က “ ဒီနေရာမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အရန်ခုံထိုင်ချင်တယ်ဆိုပြီး ပြောလာတဲ့သူ တစ်ဦးမှ မရှိပါဘူး။ သူတို့အကုန်လုံး ပွဲကစားခွင့်ရရှိချင်ကြပါတယ်။ ပွဲစဉ်တွေက ပြဿနာတော့ မဟုတ်ပါဘူး။ ပြဿနာက ကစားသမားတွေရဲ့အချိန်အတိုင်းအတာပဲ ဖြစ်ပါတယ်။ သူတို့အတွက် ဒီပြက္ခဒိန်ရဲ့တစ်နေရာရာမှာ အနားယူသွားဖို့ဆိုတဲ့ အချိန်လေးတော့ ရှိသင့်ပါတယ်”လို့ ပြောပါတယ်။

တူချယ်ရဲ့ကစားသမားတွေအနက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်မယ့် ကစားသမားကိုးဦးမှာ ကပ္ပတိန်ဟယ်ရီကိန်းလည်း ပါဝင်ပြီး သူက ဆီနီဂေါနဲ့ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားပါလိမ့်မယ်။ ဘယ်လင်ဟမ်ကတော့ မိသားစုနာရေးကိစ္စကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ မပူးပေါင်းနိုင်သေးပါဘူး။