ပဲလေ့စ်ကိုအနိုင်ရခြင်းက အသင်းအတွက်ကြီးမားတဲ့တွန်းအားဖြစ်စေတယ်လို့ ပြောကြားလိုက်တဲ့ တင်းဘား
အာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်းဘားက တနင်္ဂနွေနေ့မှာယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးမပေးခဲ့ရဘဲ အနိုင်ရခဲ့ခြင်းက အသင်းအတွက် ကြီးမားတဲ့တွန်းအားဖြစ်စေတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပဲလေ့စ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့အာဆင်နယ်ဟာ ယခုအခါမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ဦးဆောင်ထားနိုင်ပြီလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ တင်းဘားက "ဒီလိုအနိုင်ရခဲ့တာက တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကြောင့်ပါ။ ခိုင်မာတဲ့အခြေံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ခြင်းရဲ့အကျိုးကျေးဇူးတွေပါ။ ဒီလိုအဆင့်အတန်းကနေ ပိုကောင်းတဲ့အခြေအနေကိုရောက်ရှိနိုင်ဖို့ ကျွန်တော်တို့ကြိုးစားသွားပါမယ်။ ရာသီတစ်ခုလုံးမှာ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုးနဲ့ အောင်မြင်မှုအတွက် တိုက်ပွဲဝင်သွားပါမယ်"
"ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် ယုံကြည်မှုတွေအများကြီးတိုးစေပါတယ်။ ကျွန်တော်တို့ဘယ်လောက်ထိ ကြိုးစားထားတယ်ဆိုတာကိုလည်း ပေါ်လွင်စေပါတယ်။ အသင်းက တည်ငြိမ်တဲ့အခြေနေကို ရောက်ရှိနေပါပြီ" "လက်ရှိခြေစွမ်းအတိုင်း တစ်ပွဲပြီးတစ်ပွဲဆက်ကစားသွားနိုင်ဖို့ ကြိုးစားရပါမယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လည်း လုပ်နိုင်ပါသေးတယ်။ လာမယ့်ပွဲစဉ်တွေအတွက် ယုံကြည်မှု ကို တဖြည်းဖြည်းချင်း တည်ဆောက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ပွဲရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း တင်းဘားက "အရမ်းခက်တဲ့ပွဲတစ်ပွဲပါ။ လွယ်ကူမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ကြိုသိထားပါတယ်။ ပရီးမီးယားလိဂ်မှာ လွယ်ကူတဲ့ပွဲစဉ်ဆိုတာ မရှိပါဘူး။ ပဲလေ့စ်ကလည်း အသင်းကောင်းတစ်သင်းပါ။ ဒီနေ့မှာလည်း သူတို့က အသင်းကောင်းတစ်သင်းဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်" "ဒီတော့ သူတိုကိုချီးကျူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကိုလည်း ကျွန်တော်ချီးကျူးပါတယ်။ အသင်းက ဒီနေ့မှာ အရမ်းကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ပေမယ့် အနိုင်ရမယ့်နည်းလမ်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီနေ့မှာ ဂိုးမပေးခဲ့ရလို့ ယုံကြည်မှုတွေလည်း ပိုတိုးလာပါတယ်။ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းအောင်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲဆက်နေမှုကို ဆက်လက်အရှိန်မြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။