The network connection is lost.

Banner Image

ကူဒက်စ်ကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာလာတဲ့ တော့တင်ဟမ်

တော့တင်ဟမ်ဟာ ဝက်စ်ဟမ်းကွင်းလယ်တိုက်စစ်ကြယ်ပွင့် မိုဟာမက်ကူဒက်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာလာခဲ့ပါတယ်။ သောကြာနေ့မှာပဲ တော့တင်ဟမ်ဟာ ကူဒက်စ်ကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ဆေးစစ်ပြီးတာနဲ့တပြိုင်နက် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ကြောင်း အသိပေးခဲ့ပါတယ်။ ဂါနာလက်ရွေးစင်ဟာ တော့တင်ဟမ်နဲ့ ၆ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမှာဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းဟာ ကူဒက်စ်ရဲ့စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၈၅ သန်းအထိသတ်မှတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်ရဲ့ ပေါင်သန်း ၅၀ တန်ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ဈေးလျှော့ပေးဖို့ဆုံးဖြတ်ခဲ့တာကြောင့် ပေါင် ၅၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ တော့တင်ဟမ်ဟာ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူ မော်ဂန်ဂစ်ဝှိုက်ကိုခေါ်ယူဖို့အတွက်လည်း ဆွေးနွေးမှုတွေပြုလုပ်နေပြီး မကြာခင်မှာပဲ ဆေးစစ်မှုတွေ စတင်လုပ်ဆောင်တော့မယ်လို့ ဘီဘီစီက ဖော်ပြလာခဲ့ပါတယ်။ သောမတ်စ်ဖရန့်ခ်ရဲ့အသင်းဟာ ဂစ်ဝှိုက်အတွက်ပြောင်းရွှေ့ကြေးကိုတော့ ပေါင်သန်း ၆၀ အထိ ပေးချေသွားရမှာဖြစ်ပါတယ်။ 

ဂစ်ဝှိုက်ဟာ ၂၀၂၂ ခုနှစ်နွေရာသီမှာ ဝုဗ်မှ နော်တင်ဟမ်ဖောရက်စ်သို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး စုစုပေါင်း ၁၁၈ ပွဲကစားထားရာမှာ ၁၈ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်မှာ ခြေစွမ်းပိုမိုတောက်ပလာတဲ့ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံခဲ့ရပြီး စုစုပေါင်း ၄ ပွဲပါဝင်ကစားထားရပါတယ်။ 

ဂစ်ဝှိုက်ရဲ့ထွက်ခွာမှုက နော်တင်ဟမ်ဖောရက်စ်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်သလို၊ အသင်းရဲ့နောက်ထပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အန်သိုနီအီလန်ဂါကလည်း နယူးကာဆယ်သို့ပေါင် ၅၅ သန်းနဲပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတယ်လို့သိရပါတယ်။ 

လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားတဲ့ တော့တင်ဟမ်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိကအင်အားဖြည့်တင်းနေတာဖြစ်ပြီး မာသီစ်တဲလ်ကိုလည်း အပြီးသတ်ခေါ်ယူထားပါတယ်။ လက်ရှိ တော့တင်ဟမ်ရဲ့တိုက်စစ်ပိုင်းမှာ ဂျိမ်းစ်မက်ဒီဆင်၊ ဒီဂျန်ကူလူဆက်ဗ်စကီး၊ ရစ်ချာလီဆန်၊ ဆွန်ဟောင်မင်နဲ့ ဒိုမီနစ်ဆိုလန်ကီတို့လည်းရှိနေတာကြောင့် လာမယ့်ရာသီမှာ တော့တင်ဟမ်ဟာ စောင့်ကြည့်ချင်စရာအသင်းတစ်သင်းဖြစ်လာဖို့ရှိနေပါတယ်။