တော့တင်ဟမ်က လိဂ်တူးကလပ်အဆင့်သာရှိတယ်လို့ ဝေဖန်ခဲ့တဲ့ ကာရေဂါကို ဖရန့်ခ် တုံ့ပြန်
တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းဟာ လိဂ်တူးကလပ်အဆင့်သာရှိတယ်လို့ ဝေဖန်ပြောကြားခဲ့တဲ့ လီဗာပူးဂန္ထဝင်ကစားသမားဟောင်း ဂျေမီကာရေဂါကို တုံ့ပြန်ပြောဆိုမှုတွေပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချဲလ်ဆီးကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကာရေဂါက တော့တင်ဟမ်ဟာ သတ္တိမရှိတဲ့အသင်းဖြစ်ကြောင်းနဲ့ လိဂ်တူးအဆင့်ခြေစွမ်းသာရှိကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်မှာ ကိုပင်ဟေဂင်ကို တစ်ယောက်လျော့အနေအထားနဲ့ ၄ ဂိုးပြတ်သွင်းကာအနိုင်ရခဲ့တာကြောင့် ဖရန့်ခ်က အသင်းဘက်ကနေ ပြန်လည်တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။
ကာရေဂါရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ ဖရန့်ခ်က "ကျွန်တော်သူ့မှတ်ချက်ကို မတွေ့ခဲ့ပါဘူး။ ဒီတော့ ပြောစရာသိပ်မရှိပါဘူး။ ဘောလုံးဝေဖန်ရေးသမားတွေက ဒီအတိုင်းပါပဲ။ ပွဲနဲ့ပတ်သတ်တာတွေ ပြောဖို့လိုပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဘောလုံးဝေဖန်သုံးသပ်သူတွေက ဘေးကနေဝေဖန်ရတာဖြစ်လို့ ကွင်းထဲမှာတကယ်အလုပ်လုပ်နေတဲ့ကျွန်တော်တို့ထက်တော့ ပိုလွယ်မှာပေါ့"
"ဒီနေ့မှာတော့ အသင်းရဲ့အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပါတယ်။ကျွန်တော်တို့ ရှုံးနိမ့်မှုတွေကနေ ပြန်ခုန်တက်နိုင်မယ့်စိတ်ဓာတ်မျိုးကို ရရှိနေပါပြီ။ ဘဝမှာပဲဖြစ်ဖြစ်၊ ဘောလုံးမှာပဲဖြစ်ဖြစ် ထိုးနှက်မှုတွေကတော့ ကြုံရမှာပါပဲ။ အသင်းတိုင်း ဒီလိုမျိုးကြုံရပါတယ်။ ဒါပေမယ့် ဒီလိုထိုးနှက်ချက်တွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ အသင်းအပေါ်မှာပဲမူတည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုကိုပင်ဟေဂင်နဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟာ ပထမပိုင်းအတွင်း တိုက်စစ်မှူး ဘရန်နန်ဂျွန်ဆန်ရဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ အိုဒီဘာ့က ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ထို့နောက် ပွဲကစားချိန် ၅၅ မိနစ်မှာ ဂျွန်ဆန်တစ်ယောက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံလိုက်ရလို့ တော့တင်ဟမ်အနေနဲ့ ချေပဂိုးတွေပြန်လည်ခွင့်ပြုရနိုင်တယ်လို့ ယူဆခဲ့ပေမယ့် နောက်ထပ်သွင်းဂိုး ၂ ဂိုးထပ်သွင်းပြီးအိမ်ကွင်းမှာ ပြီးပြည့်စုံတဲ့နိုင်ပွဲတစ်ပွဲဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ဖရန့်ခ်က "ဒီနေ့ ကစားသမားတွေရဲ့တုံ့ပြန်မှုပုံစံကို ကျွန်တော်အရမ်းကျေနပ်မိပါတယ်။ ကျွန်တော်တို့ ပွဲကို အစကနေ အဆုံးအထိ ထိန်းချုပ်ကစားနိုင်ခဲ့ပြီး အနီကတ်ထိခဲ့တာကတော့ အသင်းအတွက် နည်းနည်းပြဿနာရှိစေခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာ အရမ်းကောင်းတဲ့ ချန်ပီယံလိဂ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်" "ဒီလိုရလဒ်ထွက်လာဖို့ မလွယ်ပါဘူး။ ကိုပင်ဟေဂင်က ပွဲအစပိုင်းမှာ အထနှေးတတ်တယ်ဆိုတာ ကျွန်တော်သိထားပေမယ့် သူတို့က ရင်ဆိုင်ရခက်ခဲတဲ့အသင်းပါ။ လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ သူတို့ ၄-၀ ဆိုတဲ့ရလဒ်နဲ့ထပ်ရှုံးတော့မှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။