
အသင်းဖော်တွေဆီ ဒေါသအိုးပိုမိုပေါက်ကွဲလာနေတဲ့ လီဗာပူးကစားသမားကို သတိပြုမိနေတဲ့ ဒီနေး
လီဗာပူးရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ အတွေးတွေရောထွေးနေတဲ့ ဘောလုံးရာသီသစ်စတင်မှုအပြီး ဒီနေးက အသင်းဖော်တွေအပေါ် သာမန်ထက်ပိုပြီး ဒေါသအိုးပေါက်ကွဲနေပုံရတဲ့ကစားသမားတစ်ဦးကို မီးမောင်းထိုးဖော်ပြခဲ့ပါတယ်။ ထူးထူးခြားခြားဆိုသလိုပဲ လီဗာပူးက အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ ရာသီအစပိုင်းမှာတော့ အန်းစလော့ရဲ့ကစားသမားတွေက နောက်ကျဂိုးတွေနဲ့အတူ အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်တွေကို သိမ်းပိုက်ခဲ့ပေမယ့် အန်ဖီးလ်မှာ စိတ်ပျက်စရာတည်ဆောက်မှုအချို့ ရှိနေပုံလည်း ရပါတယ်။
လီဗာပူးက ယာဂန်ကလော့ပ်လက်ထက်မှစတင်ကာ ခိုင်မာအားကောင်းတဲ့ ခံစစ်ပိုင်းစုဖွဲ့မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ဒီစုဖွဲ့မှုအတွက် ဗန်ဒိုက်ဟာ အရေးပါတဲ့သော့ချက်တစ်ခုဆိုတာ သက်သေပြခဲ့ပြီးပါပြီ။ နယ်သာလန်အသင်းခေါင်းဆောင်က ကလပ်အသင်းရဲ့ခံစစ်ပိုင်းမှာ အေးချမ်းတည်ငြိမ်မှုတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပြီး ကြိုးကြာနီတွေအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေခဲ့ပါတယ်။ ဒါ့အပြင် အသင်းလူစာရင်းအတွင်းရှိ ကစားသမားအားလုံးဆီမှ အကောင်းဆုံးအရည်အသွေးတွေ ထွက်ပေါ်လာစေဖို့ ဗန်ဒိုက်အပေါ် မှီခိုအားထားခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီနေးကတော့ လတ်တလောဘောလုံးပွဲစဉ်ရဲ့နောက်ဆုံးအပိုင်းဆီ ရောက်ရှိလာချိန် လီဗာပူးကပ္ပတိန်ဆီမှာ ဒေါသအရိပ်အငွေ့တွေ ပိုမိုမြင်တွေ့လာရတယ်လို့ ယုံကြည်နေပါတယ်။ ဒီနေးက “ ဗန်ဒိုက်ကိုမြင်တွေ့နေရချိန်တွေကသာ ဒီအဆိုအတွက် အကြီးမားဆုံးညွှန်ပြချက် ဖြစ်ပါတယ်။ အားလုံးသိထားကြသလိုပဲ ဗန်ဒိုက်ဆိုတာ ထူးရှယ်ကစားသမားဖြစ်လို့ သူ့ကို အနီးကပ်စောင့်ကြည့်မိပါတယ်။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင်လည်း အခြားပုဂ္ဂိုလ်တွေလိုပဲ အတော်လေး စိတ်ပျက်နေပါပြီ။
ပြီးတော့ ကွင်းတွင်းမှာဆိုရင် သူ ပိုပြီးဒေါသထွက်လာနေပါတယ်။ ဘယ်တုန်းကမှ အဲ့ဒီလိုမျိုး ပြာယာခတ်နေတဲ့ ဗန်ဒိုက်ကို မမြင်တွေ့ခဲ့ဖူးပါဘူး။ အခုတော့ လူတွေကို အော်ဟစ်ကြိမ်းမောင်းနေတဲ့ဗန်ဒိုက်ကိုပဲ မြင်တွေ့နေရပါတယ်”လို့ ပြောပါတယ်။ ဗန်ဒိုက်ကိုယ်တိုင်လည်း အခုဘောလုံးရာသီ၊ စွမ်းဆောင်ရည်ပိုင်းအတွက် ဝေဖန်မှုတွေအောက် ကျရောက်နေတဲ့ သူ့ရဲ့ခံစစ်ပိုင်းအသင်းဖော်အချို့အပေါ် အားမလိုအားမရဖြစ်နေပုံတွေ ပြသနေခြင်းလည်း ဖြစ်နိုင်ပါတယ်။
ဂယ်ရီနဗီးလ်က ကာကက်ဇ်ကို အန်ဖီးလ်ဆီရောက်ရှိလာပြီးနောက် ကလေးတစ်ဦးလို ကစားနေတယ်လို့ ဝေဖန်ခဲ့သလို လီဗာပူးပရိသတ်တွေကိုယ်တိုင်လည်း ကိုနာတေးရဲ့အခုဘောလုံးရာသီစွမ်းဆောင်ရည်ပိုင်းအပေါ် အားမလိုအားမရဖြစ်နေခဲ့ပါတယ်။ လီဗာပူးက အခုရာသီပြိုင်ပွဲစုံမှာ အာဆင်နယ်၊ ဘန်လေတို့ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်တွေမှလွဲ၍ Clean Sheet ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုသီတင်းပတ်ကုန်ပိုင်းမှာတော့ အန်းစလော့ရဲ့အသင်းက ခါးသီးပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို အန်ဖီးလ်မှာ ဧည့်ခံကစားသွားရပါမယ်။