
ကလပ်ကမ္ဘာ့ဖလားမှာ ထိပ်တန်းအရည်အသွေးတွေထုတ်ပြဖို့ ကိုးလ်ပယ်လ်မာဆီ တိုက်တွန်းလိုက်တဲ့ မာရက်စ်ကာ
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရှာဖွေလိုနေတဲ့ ချဲလ်ဆီးအသင်းကို ဦးဆောင်ခြင်းဖြင့် ကိုးလ်ပယ်လ်မာကိုယ်တိုင် သူ့ရဲ့အရည်အသွေးကောင်းတွေကို ထုတ်ပြသွားနိုင်တယ်လို့ အန်ဇိုမာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြမာရက်စ်ကာက အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပသွားဖို့နဲ့ အရည်အသွေးကောင်းတွေကို နေရာတိုင်းမှာရှိနေတဲ့ပရိသတ်တွေဆီ ပြသသွားဖို့ ကိုးလ်ပယ်လ်ဆီ တိုက်တွန်းအားပေးခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်က ပြီးခဲ့တဲ့လအတွင်း ခြင်္သေ့ပြာတွေကို ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဖြစ်လာအောင် ကူညီပေးခဲ့ပြီးနောက် ဖီဖာရဲ့အသွင်သစ်ပြိုင်ပွဲကာလအတွင်း စတမ်းဖို့ဒ်ဘရစ်ကစားသမားဘဝ၊ ဒုတိယမြောက်ဆုတံဆိပ်ကို အရယူဖို့အတွက် ဆန္ဒရှိနေပါလိမ့်မယ်။
လီယွန်နယ်မက်ဆီ၊ ဗင်နီးစီးယက်စ်ဂျူနီယာ၊ ကိုင်လီယန်အမ်ဘာပေတို့လည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ရှိနေပြီး အောင်မြင်မှုရယူဖို့အတွက် စိတ်အားထက်သန်နေပါလိမ့်မယ်။ ဒါပေမဲ့ မာရက်စ်ကာက အသက်-၂၃ နှစ်အရွယ်ကစားသမားကို အမေရိကန်မြေပြိုင်ပွဲကာလအတွင်း အကောင်းဆုံးစွမ်းဆောင်ရည်၊ အမြင့်မားဆုံးအဆင့်အတန်းနဲ့အတူ မြင်တွေ့ရနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
LAFC နဲ့ယှဉ်ပြိုင်ကစားရမယ့် အုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် မာရက်စ်ကာက “ဘယ်အချိန်မဆို တစ်ခုခုဖန်တီးပြနိုင်တဲ့ကစားသမားတွေထဲမှာ ကိုးလ်ပယ်လ်မာလည်း ပါဝင်တယ်လို့ ကျွန်တော်ကိုယ်တိုင် တစ်ကြိမ်ထက်မက ပြောခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့နှစ်နွေရာသီ၊ အမေရိကန်ခရီးစဉ်မှာ ကိုးလ်ပယ်လ်မာ မပါဝင်ခဲ့ပါဘူး။ဒါကြောင့် မြောက်အမေရိကပရိသတ်တွေဆီ အစွမ်းအစထုတ်ပြနိုင်မယ့် အခွင့်အလမ်းတစ်ရပ်လည်း အခုအချိန်မှာ ကိုးလ်ပယ်မာအတွက် အဆင်သင့်ရှိနေပါပြီ”လို့ ပြောပါတယ်။
ကိုးလ်ပယ်လ်မာကို အခုပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းအတွက် မျှော်လင့်ချက်သော့ချက်ဖြစ်လာမယ်လို့ ကွင်းလယ်ကစားသမားဟောင်းဂျရီမီကလည်း ချီးကျူးဂုဏ်ပြုထားပြီး ကွင်းလယ်တိုက်စစ်ကစားသမားမှာ အသင်းဆီ ချန်ပီယံဆုသယ်ဆောင်ပေးနိုင်စွမ်းရှိတယ်လို့လည်း ယုံကြည်နေပါတယ်။
လက်ရှိမှာ ချဲလ်ဆီးက LAFC နဲ့ကစားရမယ့်ပွဲစဉ်ဆီ အပြည့်အဝအာရုံစိုက်နေပါလိမ့်မယ်။ သူတို့အသင်းလူစာရင်းမှာ အသစ်ခေါ်ယူထားတဲ့ ဒီလပ်၊ မာမာဒူးဆားတို့လို ကစားသမားတွေအပြင် တိုင်ရီကွီဂျော့ရှ်၊ အာချီပေါင်တို့လို စိတ်လှုပ်ရှားဖွယ်လူငယ်ကစားသမားတွေလည်း ပါဝင်လာပါလိမ့်မယ်။