The network connection is lost.

Banner Image

ပိုစတီကိုဂလူထုတ်ပယ်ခံရမှုအပေါ် သူကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ရကြောင်း ဖွင့်ဟလာတဲ့ ဗန်ဒီဗန်

တော့တင်ဟမ်နောက်ခံကြယ်ပွင့် မစ်ကီဗန်ဒီဗန်က အသင်းကို ယူရိုပါလိဂ်ဖလားဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြ အန်ဂျီပိုစတီကိုဂလူ ထုတ်ပယ်ခံရမှုအပေါ် သူကိုယ်တိုင် အံ့အားသင့်ခဲ့ကြောင်းနဲ့ ထုတ်ပယ်ခံရမယ်လို့ လုံးဝ မထင်မှတ်ထားခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ပိုစတီကိုဂလူဟာ တော့တင်ဟမ်ရဲ့ ၁၇ နှစ်ကြာ ဆုဖလားမိုးခေါင်မှု ကို အဆုံးသတ်ပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို အနိုင်ယူပြီး ဥရောပဖလားအောင်မြင်မှုရရှိစေခဲ့ပါတယ်။ ယူရိုပါလိဂ်ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ပိုစတီကိုဂလူဟာ ပရီးမီးယားလိဂ်မှာ‌ တော့တင်ဟမ်ကို အဆင့် ၁၇ နဲ့သာ ရာသီသိမ်းစေခဲ့တာကြောင့် ရာသီကုန်မှာ ရာထူးကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပိုစတီကိုဂလူဟာ ‌တော့တင်ဟမ်ကို တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၇ နေရာမှာသာရပ်တည်စေခဲ့ပေမယ့် တစ်ဖက်မှာ အသင်းအတွက် ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် ဗန်ဒီဗန်အနေနဲ့ ဩစ‌တြေးလျသားထုတ်ပယ်ခံရမှုအပေါ် အံ့အားသင့်မိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဗန်က "သူက တကယ်တော်တဲ့မန်နေဂျာတစ်ယောက်ပါ။ ကျွန်တော်သူ့ကို အခုချိန်အထိ သဘောကျနေတုန်းပါပဲ။ နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။ သူက ယူရိုပါလိဂ်ဖလားကြီးဆွတ်ခူးပေးနိုင်ပြီးမှ ထုတ်ပယ်ခံလိုက်ရတာပါ"

"သူက တော့တင်ဟမ်အတွက် ဆုဖလားရယူပေးနိုင်ခဲ့တဲ့နည်းပြပါ။ ပြီးတော့ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ ကျွန်တော်လည်း တော်တော်လေးအံ့အားသင့်ခဲ့ပြီး အဖေ့ကိုရော သူငယ်ချင်းတွေကိုပါ စာရိုက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ကြောင်း ပြောခဲ့ပါတယ်"

"သူအသင်းကနေထွက်သွားတော့ ကျွန်တော်သူ့ကို အနာဂတ်မှာ အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒါက ကလပ်ရဲ့ထူးဆန်းတဲ့ဆုံးဖြတ်ချက်လို့ကျွန်တော်မပြောပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့တာတော့ အမှန်ပါပဲ။ သူနဲ့အတူတူရှိခဲ့တဲ့ ၂ နှစ်တာကာလအတွက် သူ့ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့သူနဲ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး အရမ်းရင်းနှီးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို တော့တင်ဟမ်ဆီခေါ်လာပေးတာကလည်း သူပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာတော့ တော့တင်ဟမ်ဟာ နည်းပြသစ် သောမတ်စ်ဖရန့်ခ်ရဲ့ဦးဆောင်မှုအောက်မှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာရပ်တည်နေကာ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ဖရန့်ခ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကောဟာဟလတွေလည်း ထွက်ပေါ်ထားခဲ့ပါတယ်။