The network connection is lost.

Banner Image

အာဆင်နယ်သို့ပြောင်းရွှေ့နိုင်ဖို့ ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရကြောင်း ဖွင့်ဟလာတဲ့ ယော်ကရက်စ်

အာဆင်နယ်တိုက်စစ်မှူးသစ် ဗစ်တာယော်ကရက်စ်က သူ့အနေနဲ့ ယခုနွေရာသီအတွင်း စပို့တင်းမှထွက်ခွာပြီး အာဆင်နယ်သို့ပြောင်းရွှေ့နိုင်ဖို့ ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်ဟာ ယော်ကရက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၆၄ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့တော့ ဆွေးနွေးညှိနှိုင်းမှုတွေ အတော်လေးပြုလုပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက စပို့တင်းအတွက်ပြိုင်ပွဲစုံ ၅၄ ဂိုးအထိသွင်းယူပေးခဲ့တဲ့ ယော်ကရက်စ်ဟာ ကစားသမားဘဝကို မွေးရပ်မြေဆွီဒင်မှာသာမက၊ ဘရိုက်တန်၊ ကိုဗင်ထရီ၊ စိန့်ပေါ်လီနဲ့ ဆွမ်ဆီးတို့မှာပါ ဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဆွီဒင်လက်ရွေးစင်ဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်အာဆင်နယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကလပ်ဂန္ထဝင် အွန်နရီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ အင်္ကျီကို ဆက်ခံသွားမယ်လို့သိရပါတယ်။ ယော်ကရက်စ်ဟာ နံပါတ် ၉ တိုက်စစ်မှူးဖြစ်ပေမယ့် အဆိုပါကျောနံပါတ်ကို ဂါဘရီရယ်ဂျီးဆပ်ကပိုင်ဆိုင်ထားတာကြောင့် ကျောနံပါတ် ၁၄ ကိုသာ ဝတ်ဆင်ခွင့်ရသွားမှာဖြစ်ပါတယ်။ 

ယခုအခါမှာ CNN သတင်းဌာနသို့ ယော်ကရက်စ်က "ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို စကားလုံးနဲ့ဖော်ပြဖို့က ခက်ပါတယ်။ ကျွန်တော်ကြုံတွေ့ခဲ့ရတာတွေက အများကြီးပါ။ ဒီနေရာကိုရောက်လာဖို့ လုံးဝမလွယ်ကူခဲ့ပါဘူး။ ကျွန်တော်မကြုံချင်တဲ့အရာတွေနဲ့ကြုံတွေ့ခဲ့သလို၊ ဖြစ်ချင်တာတွေလည်း မဖြစ်ခဲ့ရပါဘူး။ ဒါပေမယ့် အဲဒီအလိုအချိန်တွေမှာပဲ ကျွန်တော်ကြိုးစားသင်ယူခဲ့ပြီး အခုလိုနေရာကိုရောက်လာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ကျောနံပါတ် ၁၄ ကိုရွေးချယ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ဆွီဒင်တိုက်စစ်မှူးက "ကြီးမြတ်တဲ့ကစားသမားကြီးတွေ ဒီနံပါတ်ကိုဝတ်ဆင်ခဲ့ကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီကျောနံပါတ်ရဲ့နောက်ကွယ်မှာ ကြီးမားတဲ့သမိုင်းကြောင်းရှိနေပါတယ်။ ဒီနံပါတ်ကိုဝတ်ဆင်ရတာ ဂုဏ်ယူစရာတစ်ခုပါ။ ပြီးတော့ ကျွန်တော့်အတွက်ရွေးချယ်စရာနံပါတ်လည်း များများစားစားမရှိပါဘူး။ ဒါကြောင့် နံပါတ် ၁၄ ကိုလွယ်လွယ်ကူကူပဲရွေးချယ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်သောကြာနေ့မှာ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်နဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ယော်ကရက်စ်တစ်ယောက် သူ့ရဲ့အာဆင်နယ်ကစားသမားဘဝပွဲဦးထွက်အနေနဲ့ အဆိုပါပွဲစဉ်မှာ စတင်ဝင်ရောက်ကစားသွားနိုင်ချေရှိပါတယ်။