The network connection is lost.

Banner Image

အာဆင်နယ်နဲ့ ဆေးစစ်မှုခံယူတော့မယ့် ယိုကရက်စ်

သတင်းတွေအရ အာဆင်နယ်အသင်းတိုက်စစ်မှူး ယိုကရက်စ်တစ်ယောက် မကြာခင်မှာ အသင်းနဲ့ဆေးစစ်တော့မယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ယိုကရက်စ်ကို စပို့တင်းထံကနေ ပေါင် ၆၄ သန်းနဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ အခြားအသင်းတွေရဲ့ကမ်းလှမ်းမှုကိုပယ်ချပြီး အာဆင်နယ်တစ်သင်းတည်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပြီး အွန်နရီရဲ့ဂန္ထဝင်ကျောနံပတ် ၁၄ ကို ဝတ်ဆင်မှာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ ယိုကရက်စ်အတွက် စပို့တင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ ကနဦးပေါင် ၅၄.၈ သန်း နဲ့ အပိုဆုကြေးပေါင် ၉.၂ သန်းပေးချေရမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆွီဒင်သားဟာ လက်ရှိလန်ဒန်မြေကိုလာနေပြီး စနေနေ့မှာ ဆေးစစ်မှုခံယူမှာဖြစ်ကာ ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ယိုကရက်စ်ဟာ စပို့တင်းအတွက် ၅၂ ပွဲမှာ ၅၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာရုန်းကန်နေရတဲ့ အာဆင်နယ်အတွက် အားထားရမယ့်ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

အသက် ၂၇ နှစ်သားကို အသင်းတော်တော်များများက စိတ်ဝင်စားခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က အာဆင်နယ် မှ အာဆင်နယ်ပဲဖြစ်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ အာဆင်နယ်ကိုပြောင်းရဖို့ ယိုကရက်စ်ရဲ့အေးဂျင့်က ကော်မရှင်ခကိုမယူပဲ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ယိုကရက်စ်တစ်ယောက် အာဆင်နယ်နဲ့ ဆေးစစ်မှုခံယူပြီးရင် အာရှဘက်ကို ထွက်ခွာလာမှာဖြစ်ပြီး တော့တင်ဟမ်နဲ့ခြေစမ်းပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

စပို့တင်းစတားကို အာမိုရင်ရဲ့ယူနိုက်တက်အသင်းက အသည်းအသန်စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက အာဆင်နယ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ လာမယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ယိုကရက်စ်ဟာ အာဆင်နယ်နဲ့အတူ ဆရာဖြစ်သူ အာမိုရင်ရဲ့ယူနိုက်တက်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။