The network connection is lost.

Banner Image

ဗင်နီစီးယက်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ စာချုပ်သစ်ကိစ္စ သဘောတူညီမှုမရသေး

ဘရာဇီးတိုက်စစ်ကစားသမား ဗင်နီစီးယက်စ်ဂျူနီယာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကြား စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေဟာ လတ်တလောမှာ ရပ်တန့်နေပါတယ်။ ကစားသမားရဲ့ လစာတောင်းဆိုမှုနဲ့ ကလပ်ရဲ့ကမ်းလှမ်းမှုတွေကြားမှာ ကွာဟချက်တွေရှိနေတာကြောင့် ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေတာပါ။ မကြာသေးခင်က အသက် ၂၅ နှစ်ပြည့်ခဲ့တဲ့ ဗင်နီစီးယက်စ်ဟာ ဘာနေဗျူးမှာ ဆက်ရှိနေမယ်ဆိုရင် တစ်နှစ်ကို အခွန်ဆောင်ပြီး ယူရို ၂၅ သန်းအထက်ရရှိဖို့ တောင်းဆိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ကတော့ တစ်နှစ်ကို အခွန်ဆောင်ပြီး ယူရို ၂၀ သန်းဝန်းကျင်သာပေးချင်နေတာကြောင့် ဗင်နီစီးယက်စ်နဲ့ ကိုယ်စားလှယ်တွေက ဒီပမာဏကို လုံလောက်မှုမရှိဘူးလို့ သတ်မှတ်ထားကြပါတယ်။ ဗင်နီစီးယက်စ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ လက်ရှိကမ်းလှမ်းမှု ကို လက်ခံဖို့ဆိုတာဟာ "ဟာသတစ်ခုလိုပါပဲ" လို့ပြောပါတယ်။ 

ဘရာဇီးသားက အခြားကစားသမားတွေရဲ့ လစာအပေါ်မှာ မူတည်တာမျိုးမရှိဘဲ တစ်နှစ်ကို အခွန်ဆောင်ပြီး ယူရို ၂၅ သန်းကျော်ရရှိဖို့သာ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။ ဗင်နီစီးယက်စ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လအထိ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကျန်နေပြီး အသင်းမှာ ဆက်နေချင်တယ်လို့ အကြိမ်ကြိမ်ပြောဆိုထားပါတယ်။  ဒါပေမဲ့ လက်ရှိမှာတော့ စာချုပ်သစ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုအသစ်တွေ မလုပ်နိုင်သေးပါဘူး။ 

သူရဲ့လက်ရှိစာချုပ်မှာ ယူရို ၁ ဘီလီယံတန်ဖိုးရှိတဲ့ လျော်ကြေးငွေထည့်သွင်းထားပေမဲ့ ရီးရဲလ်မက်ဒရစ်က သူ့ရဲ့လစာတောင်းဆိုမှုတွေ လျော့မပေးဘူးဆိုရင် အခြားအသင်းတွေရဲ့ကမ်းလှမ်းမှုတွေကိုပါ ထည့်သွင်းစဉ်းစားသွားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။  ဒါဟာ ရီးရဲလ်က ဗင်နီစီးယက်စ်ကို ရောင်းချနိုင်တဲ့ကစားသမားစာရင်းထဲထည့်သွင်းလာတာဖြစ်ပါတယ်။ ဗင်နီစီးယက်စ်ဟာ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့ပြီးကတည်းက အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၂၂ ပွဲမှာ ၁၀၆ ဂိုးအထိ သွင်းယူပေးထားပါတယ်။