
လီဗာပူးစတားကို အထူးစပယ်ရှယ် ဂုဏ်ပြုခဲ့တဲ့ ဝီလမ် ၂ အသင်း
ဝီလမ် ၂ အသင်းဟာ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ကို ဂုဏ်ပြုခဲ့တယ်လို့ သိရပြီး လူငယ်အသင်းအကယ်ဒမီဆိုင်းဘုတ်မှာ တင်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ဝီလမ် ၂ အသင်းထံ ဂုဏ်ပြုခံဖို့ ပြန်လာခဲ့ပြီး အကယ်ဒမီအသင်းရဲ့ဆိုင်းဘုတ်မှာ “Virgil van Dijk Tribune” ဆိုတဲ့စာတန်းကို တင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းခေါင်းဆောင်ဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးမဖြစ်လာခင် ဝီလမ် ၂ အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာဖြတ်သန်းခဲ့ပါတယ်။အဆိုပါဂုဏ်ပြုမှုနဲ့ တိုက်ဆိုင်စွာ ဗန်ဒိုက်က နိုင်ငံတကာလူငယ်ဖလားပြိုင်ပွဲကို တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်လွှားက ၁၆ နှစ်အရွယ်လူငယ်အသင်းတွေကို ခေါ်ဆောင်ကစားမှာဖြစ်ပါတယ်။
အသက် ၃၄ နှစ်သားဟာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့ပြီးနောက် ကျော်ကြားသူဖြစ်လာခဲ့ပါတယ်။ ဝီလမ် ၂ အသင်းအကယ်ဒမီက စတင်ယုံပဲရှိသေးသလို သူတို့သမိုင်းကြောင်း ဗန်ဒိုက်ရဲ့အသင်းအတွက် အကျိုးပြုခဲ့တာတွေကို လာမယ့်လူငယ်တွေကို အတုယူစေချင်နေပါတယ်။
ဗန်ဒိုက် နဲ့ ဝီလမ် ၂ အသင်းတို့ကြား အခုလိုချိတ်ဆက်မှုနဲ့အတူ လူငယ်အသင်းအတွက်ကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဗန်ဒိုက်ကတော့ အခုလိုဂုဏ်ပြုမှုနဲ့ပတ်သက်ပြီး “အခုလိုမျိူးအသင်းအကယ်ဒမီနာမည်နေရာမှာ ပါဝင်ခွင့်ရတဲ့အတွက် တကယ့်ကိုဂုဏ်ယူမိပါတယ်။ ဝီလမ် ၂ အသင်းက ကျွန်တော့်ဘဝအတွက် အရေးပါတဲ့နေရာကပါဝင်ခဲ့သလို လူငယ်တစ်ဦးကနေ တိုးတက်လာအောင်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။
အဲ့တာအပြင် အခုလိုမျိုး ကျွန်တော့်ကိုဂုဏ်ပြုတဲ့အတွက်လည်း ကျွန်တော် နဲ့ ကျွန်တော့်မိသားစုအတွက် အများကြီးအဓိပ္ပာယ်ရှိစေပါတယ်။ အဲ့တာက ကျွန်တော့်အတွက်အရမ်းထူးခြားတဲ့ဂုဏ်ပြုမှုပါ။ ကျွန်တော်အသင်းနဲ့ အချိတ်ဆက်ရှိနေဆဲဖြစ်သလို နွေးထွေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ဗန်ဒိုက်ကိုဂုဏ်ပြုမှုနဲ့အတူ ဗာဂျယ်ဖလားပြိုင်ပွဲကိုလည်း စတင်မှာဖြစ်ပြီး လူငယ် ၃၀၀ နဲ့ နိုင်ငံတကာကအသင်း ၁၆ သင်းက ပါဝင်ဆင်နွှဲမှာဖြစ်ပါတယ်။