
လီဗာပူးဆီပြောင်းရွှေ့လာဖို့ ဖလော်ရီယန်ဝစ်ဇ်ကို စည်းရုံးခဲ့ပုံအကြောင်း ဖွင့်ဟလာတဲ့ ဗန်ဒိုက်
လီဗာပူးဆီ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်း(အမေရိကန်ဒေါ်လာ ၁၅၆ သန်း)ဖြင့် ပြောင်းရွှေ့လာဖို့ ဖလော်ရီယန်ဝစ်ဇ်ဆီ ဘာတွေပြောပြခဲ့သလဲဆိုတာကို ဗန်ဒိုက်က ဖွင့်ဟလာပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက လေဗာကူဆင်ကစားသမားဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူနိုင်ဖို့ ဗြိတိန်ဘောလုံးသမိုင်းတလျှောက် သမိုင်းဝင်သဘောတူညီမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အခုလို ဈေးနှုန်းသတ်မှတ်ချက်တွေရှိပေမယ့် အရည်အချင်းရှိ အသက်-၂၂ နှစ်အရွယ်ကစားသမားကို အန်းစလော့အသင်းအတွက် ကောင်းမွန်တဲ့အားဖြည့်မှုတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။
လီဗာပူးက အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အန်ဖီးလ်ရဲ့ကြီးမားလှတဲ့စီမံကိန်းနဲ့အတူ ဖလော်ရီယန်ဝစ်ဇ်ကို ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့နဲ့အပြိုင် စည်းရုံးခဲ့ပါတယ်။ အနီရောင်တပ်ဖွဲ့ကပ္ပတိန်ဗန်ဒိုက်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းမှာ တစိတ်တပိုင်းအားဖြင့် ပါဝင်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာရေးအတွက် ကူညီပေးခဲ့ပါတယ်။သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “ ဒီအသင်းဆီ ကျွန်တော်ရောက်ရှိလာချိန်တုန်းကလည်း ‘လီဗာပူးထက် ပိုကောင်းမယ့်နေရာတစ်ခု မရှိတော့ဘူးထင်တယ်’လို့ ပြောခဲ့ပါတယ်။ တကယ်လည်း အဲ့ဒီလိုခံစားချက်မျိုး ရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေ တကယ်ကောင်းမွန်လှတဲ့ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး နောက်ထပ်ပိုကောင်းတဲ့အရာတစ်ခု လာနိုင်သေးတယ်လို့ ခံစားမိပါတယ်။ ဖလော်ရီယန်ဝစ်ဇ်လည်း အသင်းကစားသမားအချို့နဲ့ စကားပြောဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် နည်းနည်းဝင်ပါခဲ့ပါတယ်။ ဒီစကားပြောမှုကြောင့် သူ့အတွက် ခံစားချက်တစ်ခုရရှိစေမယ်ဆိုတာ သေချာပါတယ်။ နောက်ပိုင်းမှာတော့ အပြောင်းအရွှေ့အတွက် သူ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒီအသင်းဆီရောက်ရှိလာတဲ့ ဝစ်ဇ်က ကျွန်တော့်အမြင်အရ ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခုရှိလာအောင် လုပ်သွားနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း ပုံစံကောင်းပြသနေဖို့ဆိုတာ သူနဲ့ပဲ အဓိကသက်ဆိုင်ပါတယ်။ သူ ဒီမှာရှိနေတာကို မြင်တွေ့နေရတာ ကောင်းပါတယ်”လို့ ပြောပါတယ်။
အခုစကားပြောဆိုမှုအတွင်း ဘာတွေပြောဖြစ်သလဲလို့ မေးမြန်းရာမှာ ဗန်ဒိုက်က “ အင်း.. ခင်ဗျားတို့လည်း သိချင်ကြပါလိမ့်မယ်။ ကျွန်တော်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့အကြား စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ‘လီဗာပူးဆိုတာ ရောက်လာသင့်တဲ့နေရာ’လို့ ပြောပြခဲ့ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ အခုနွေရာသီဈေးကွက်အတွင်း လီဗာပူးက ဖလော်ရီယန်ဝစ်ဇ်အပါအဝင် ဖရင်းပေါင်၊ ကာကက်ဇ်၊ အီကီတီကီတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗန်ဒိုက်က “ ကျွန်တော်တို့အသင်း ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေ၊ ကျွန်တော်တို့အသင်း သုံးစွဲခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်လို့ ဆိုးရွားတဲ့အပြောင်းအရွှေ့ဈေးကွက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။ ကလပ်အသင်းဘက်ကလည်း ကျွန်တော်တို့လူစာရင်းတိုးတက်လာစေဖို့ ကြိုးစားပေးနေတာ ထင်ရှားပါတယ်။
ပရီးမီးယားလိဂ်က မယုံကြည်နိုင်လောက်အောင် အင်အားကောင်းလာပြီး မိမိကိုယ်ကိုယ်တိုးတက်လာအောင် လုပ်သွားရမယ်ဆိုတဲ့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့လူစာရင်းတစ်ခု ရှိပေမယ့် အင်အားဖြည့်တင်းမှုတွေဆိုတာ အမြဲတမ်းအပေါင်းလက္ခဏာပြသပါတယ်။ ဒီကစားသမားတွေရဲ့ဖြစ်တည်လာမှုပုံစံကိုလည်း အရမ်းသဘောကျပါတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ လီဗာပူးက အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် နောက်ထပ်ကစားသမားသစ်ခေါ်ယူမှု ပြုလုပ်သွားဖွယ်ရှိပြီး နယူးကာဆယ်တိုက်စစ်မှူးအီဆက်ခ်ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သတင်းတွေအရ သိရပါတယ်။