လီဗာပူးအပေါ် ဝေဖန်ထားမှုတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားတဲ့ ဗန်ဒိုက်
ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ရှုံးပွဲဆက်မှတ်တမ်းကို ရပ်တန့်နိုင်ပြီးနောက် ဗန်ဒိုက်က လီဗာပူးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုအချို့ကို ရယ်စရာဟာသတွေအဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။
အန်းစလော့ရဲ့အသင်းက အန်ဖီးလ်မှာ အက်စတွန်ဗီလာကို အနိုင်မယူခင် လိဂ်နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ လတ်တလောမှာတော့ သူတို့တွေက အန်ဖီးလ်ဆီ ရီးရဲလ်မက်ဒရစ်နဲ့အတူ ပြန်ရောက်လာမယ့် အာနိုးလ်နဲ့ အလွန်ဆိုကို ကြိုဆိုသွားနိုင်ဖို့ အခုသီတင်းပတ်အတွင်းကျင်းပမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဆီ အာရုံစိုက်နေကြပါပြီ။ ဒီပွဲစဉ်အပြီးမှာလည်း မာဆေးဆိုဒ်သားတွေက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကို ဆင်နွှဲသွားရပါမယ်။
အခုအန်ဖီးလ်ကွင်းနိုင်ပွဲအပြီး ဗန်ဒိုက်က အခက်အခဲတွေနဲ့ရင်ဆိုင်ရချိန် စည်းလုံးညီညွှတ်မှုရဲ့အရေးပါမှုကို မီးမောင်းထိုးပြောကြားခဲ့ပါတယ်။ TNT Sports နဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “ အကောင်းဆုံးအချိန်ဆိုရင်တောင် အောက်ခြေမလွတ်ဘဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်သွားရပါမယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကျွန်တော် သတိထားလိုက်မိတဲ့အရာက ကျွန်တော်တို့ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ ဆူညံသံတွေ အများကြီးရှိခဲ့တယ်ဆိုတာပါပဲ။ ဒါတွေကို အသင်းတစ်ခုအဖြစ် ကိုင်တွယ်ဖြေရှင်းသွားရပါမယ်။ အချို့မှတ်ချက်တွေဆိုရင်ရယ်စရာကောင်းလွန်းပေမယ့် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့တော့ လိုအပ်ပါတယ်။
ပြင်ပဆူညံသံတွေက ကစားသမားအချို့ဆီ ရောက်ရှိသွားနိုင်ပေမယ့် ကျွန်တော်တို့အားလုံး စုစုစည်းစည်းနဲ့ အတူတကွ ရပ်တည်သွားကြပါတယ်။ ကျွန်တော်တို့က ပွဲတွေကို အရှုံးပေးဖို့ (သို့မဟုတ်) ပရိသတ်တွေကို စိတ်ပျက်လက်ပျက်ဖြစ်စေဖို့ ကွင်းတွင်းအထိ ရောက်ရှိလာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အကောင်းဆုံးကြိုးစားပြီး ပွဲစဉ်တွေကို အနိုင်ရရှိချင်တဲ့စိတ်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီအချက်အတွက် အာမခံပေးနိုင်မယ့်အရာ မရှိပါဘူး။ ပရီးမီးယားလိဂ်ဆိုတာ အဆင့်အတန်းမြင့်မားလွန်းပါတယ်။
အခုတော့ အလယ်အလတ်လမ်းစဉ်အတိုင်း အလုပ်တွေစလုပ်သွားဖို့ အချိန်ကျပါပြီ။ ထင်မြင်ချက်ပေါင်းစုံကို ပလက်ဖောင်းပေါင်းစုံမှာ လူပေါင်းစုံပေးနိုင်တဲ့ ကမ္ဘာကြီးတစ်ခုမှာ ကျွန်တော်တို့ နေထိုင်နေပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေက ပိုပြီးသိ၊ ပိုပြီးတက်ကြပါတယ်။ ကျွန်တော်တို့ကတော့ အဲ့ဒီလိုအရာတွေနဲ့ ခပ်ကင်းကင်းနေပြီး ကိုယ်လုပ်နေတဲ့ ကြိုးစားအားထုတ်မှုကိုပဲ အာရုံစိုက်သွားရပါမယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့က အမှားတချို့လုပ်မိပေမယ့် ကမ္ဘာကြီးဟာ လှပသာယာနေခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့တွေ တန်းဆင်းဇုန်တိုက်ပွဲဝင်နေသလို ဖြစ်သွားပါတယ်။ ဒီကမ္ဘာကြီးရဲ့ပုံစံက ဒါပါပဲ”လို့ ပြောပါတယ်။