The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲမှ အာဆင်နယ်ပရိသတ်တွေရဲ့ အားပေးပုံကို ရွန်းနီဝေဖန်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဝိန်းရွန်းနီက ပီအက်စ်ဂျီကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီံယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေဟာ အသင်းကို အပြည့်အဝအားမပေးခဲ့ကြကြောင်း ဝေဖန်ပြောကြားလာခဲ့ပါတယ်။ 

အာဆင်နယ်ကစားသမားတွေအနေနဲ့ အိမ်ကွင်းပရိသတ်တွေရဲ့ရှေ့မှောက်မှာ ပီအက်စ်ဂျီကိုအနိုင်ကစားဖို့ ပြင်ဆင်လာခဲ့ပေမယ့် ဒမ်ဘီလီရဲ့သွင်းဂိုးကြောင့် အမ်းမရိတ်စ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာ အာဆင်နယ်ပရိသတ်တွေဟာ အသင်းကို ပြင်းပြင်းထန်ထန် အာပေးခဲ့ကြပေမယ့် ဒီတစ်ခေါက် ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာတော့ အားရစရာသိပ်မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဒုတိယပိုင်း မီခေးလ်မီရီနို အသင်းအတွက် ခေါင်းတိုက်ပြီးဂိုးသွင်းယူရာမှာလည်း ပရိသတ်တွေဟာ ကျယ်ကျယ်လောင်လောင်အားမပေးခဲ့ကြသလို အဆိုပါဂိုးကလည်း လူကျွံနေတာကြောင့် ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။ ပွဲအပြီးမှာ ရွန်းနီက "ကျွန်တော့်အနေနဲ့ အာဆင်နယ်ရဲ့ကစားပုံကို စိတ်ပျက်မိပေမယ့် ပရိသတ်တွေအပေါ်မှာလည်း နည်းနည်းစိတ်ပျက်မိပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲတုန်းက ပရိသတ်တွေရဲ့အားပေးမှုဟာ အံ့မခန်းဖြစ်ခဲ့ပြီး ကစားသမားတွေကို တွန်းအားပေးနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ အရမ်းကိုတိတ်ဆိတ်လွန်းပါတယ်"

"ရီးရဲလ်မက်ဒရစ်လိုအသင်းကိုအနိုင်ရပြီး ဗိုလ်လုပွဲအထိတက်နိုင်ချေရှိတဲ့အာဆင်နယ်အတွက် ပရိသတ်တွေရဲ့အားပေးမှုက အခုလို အဖျားရှူးသွားလို့မရပါဘူး။ ပရိသတ်အားပေးမှုက မရှိမဖြစ်လိုအပ်ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး လုံလောက်တဲ့ခြေစွမ်းမျိုးတော့ မပြသနိုင်ခဲ့ကြပါဘူး။ အာဆင်နယ်ကစားသမားတွေ အကူအညီလိုနေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာတုန်းက ပရိသတ်တွေရဲ့အားပေးမှုက မယုံနိုင်စရာပါ။ ကျွန်တော် အမ်းမရိတ်စ်မှာ ဒီလောက်အထိ ဆူညံနေတာမျိုး မကြုံဖူးခဲ့ပါဘူး"

"ဒီညမှာတော့ တူညီတဲ့အားပေးမှုမမြင်တွေ့ခဲ့ရပါဘူး။ ဒါက အစဉ်အလာကြီးမားတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ပါ။ ဒါကြောင့် ဒီထက်ပိုပြီး အားပေးသင့်တယ်လို့ထင်ပါတယ်။ တကယ်လို့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲတုန်းကလို ဒီပွဲမှာဆက်ပြီးအားပေးခဲ့မယ်ဆိုရင် အာဆင်နယ်ရဲ့အခြေအနေက ၅ ရာခိုင်နှုန်းလောက်ပိုကောင်းလာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခု ပီအက်စ်ဂျီနဲ့ပွဲစဉ်ကို အဓိကကွင်းလယ်လူ သောမတ်စ်ပါတေးတစ်ယောက် ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှ အဝါကတ်ကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ရာသီကုန်အထိအနားယူသွားရမယ့် ကိုင်ဟားဗက်ဇ်နေရာမှာ ဝင်ရောက်ကစားနေတဲ့ မီရီနိုဟာ ယခုပွဲစဉ်မှာတော့ ကွင်းလယ်ပိုင်းမှာ ဒီကလန်ရိုက်စ်၊ အိုဒီဂတ်တို့နဲ့ တွဲဖက်ကစားခဲ့ပါတယ်။ 

အဆိုပါကစားသမား ၃ ယောက်နဲ့ပတ်သက်ပြီး ရွန်းနီက "ကွင်းလယ်ကစားသမား ၃ ယောက်က တစ်နေရာစီရောက်နေပါတယ်။ အခွင့်အရေးရတိုင်း ပြိုင်ဘက်ကို ဖိအားပေးနိုင်ဖို့ပဲ ကြိုးစားနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နေရာတွေဝေးလွန်းတာကြောင့် ပီအက်စ်ဂျီက သူတို့ကို ဒုက္ခပေးသွားပါလိမ့်မယ်။ ပုံစံအတိုင်း ကိုယ့်နေရာမှာကိုယ်နေတာပိုကောင်းပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်အပတ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာတော့ အာဆင်နယ်အနေနဲ့ သောမတ်စ်ပါတေးကို ပြန်လည်အသုံးပြုသွားနိုင်မှာဖြစ်ပြီး ပြင်သစ်မြေမှာ နိုင်ပွဲရအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။