
လီဝန်ဒေါစကီးရှိနေတာကြောင့် ဂျိုကာရက်စ်ကို ခေါ်ယူမှာမဟုတ်ကြောင်း ဘာစီလိုနာအခိုင်အမာပြော
ဘာစီလိုနာရဲ့အားကစားဒါရိုက်တာ ဒီကိုက အသင်းမှာ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး ရှိနေတာကြောင့် စပို့တင်းလစ္စဘွန်းကြယ်ပွင့် ဗစ်တာဂျိုကာရက်စ်အပါအဝင် အခြားတိုက်စစ်မှူးတွေကို ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ ဘာစီလိုနာရဲ့တိုက်စစ်အတွက် ဂျိုကာရက်စ်ကိုခေါ်ယူပြီး အားဖြည့်သွားဖို့ရှိသလားလို့ မေးမြန်းခဲ့ရာ ဒီကိုက အသင်းဟာ တိုက်စစ်နေရာအတွက် အားဖြည့်မှာမဟုတ်ဘဲ အခြားနေရာအတွက်သာ ကစားသမားသစ်တွေခေါ်ယူသွားမယ်လို့ဖြေကြားခဲ့ပါတယ်။
သူက "ကျွန်တော်ဒီကိုလာတာ အပြောင်းအရွှေ့ကိစ္စတွေပြောဖို့မဟုတ်ပါဘူး။ ပြီးတော့ အခုချိန်က အပြောင်းအရွှေ့အကြောင်း ပြောရမယ့်အချိန်မဟုတ်သေးပါဘူး။ ဒီမှာတော့ အခြားကိစ္စကိုပဲပြောသွားပါမယ်"
"ဂျိုကာရက်စ်က အရမ်းကောင်းတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေဟာ စပို့တင်းအတွက် ဂိုးတွေအများကြီးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ ကျွန်တော်တို့ တိုက်စစ်မှူးနေရာအတွက် ကစားသမားမရှာပါဘူး။ အသင်းမှာ လီဝန်ဒေါစကီးရှိနေပြီးသားပါ။ ဒါကြောင့် အခြားနေရာအတွက်ကစားသမားတွေရှာနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ဘာစီလိုနာဟာ ဂျိုကာရက်စ်ကိုချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ ဒီကိုရဲ့ဖြေကြားချက်အရ တောင်ပံနဲ့ ဂိုးသမားနေရာအတွက်သာ ကစားသမားသစ်ခေါ်ယူသွားဖွယ်ရှိပါတယ်။ ဂျိုကာရက်စ်ကတော့ နွေရာသီမှာ ဘယ်အသင်းသို့ပြောင်းရွှေ့သွားမလဲဆိုတာ သေသေချာချာမသိရသေးဘဲ ဆွီဒီလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီမှာ စပို့တင်းလစ္စဘွန်းအတွက် လိဂ် ၃၃ ပွဲကစားခဲ့ပြီး ၃၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။