
လီဗာပူးအသင်း အရက်နာကျနေတယ်ဆိုတဲ့ မှတ်ချက်ကို ငြင်းဆန်ပယ်ချလိုက်တဲ့ ဗန်ဒိုက်
လီဗာပူးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သေချာခဲ့ပြီဆိုပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဆီ အနိုင်ရရလဒ်ဖော်ဆောင်နိုင်ရေးရည်မှန်းချက်နဲ့အတူ ရောက်ရှိလာခဲ့တာပါလို့ နောက်ခံလူဗန်ဒိုက်က အတိအလင်းဖွင့်ဟဝန်ခံပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်မှာ လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရေး အမှတ်လိုအပ်ချက်ရှိနေတဲ့ ချဲလ်ဆီးအတွက် အန်ဇိုဖာနန်ဒက်ဇ်၊ ကွင်ဆာ(O.G)နဲ့ ကိုးလ်ပယ်လ်မာ(ပင်နယ်တီ)တို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။ ဗန်ဒိုက်ရဲ့ပွဲချိန် ၈၅ မိနစ်ခေါင်းတိုက်ဂိုးက အိမ်ရှင်တွေကို အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ အခုရာသီ၊ တတိယမြောက်ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ရှောင်လွှဲသွားနိုင်ဖို့ကိုတော့ မကူညီပေးနိုင်ခဲ့ပါဘူး။ ပွဲစဉ်အပြီး ဒတ်ချ်ခံစစ်မှူးက ချဲလ်ဆီးအတွက် အနိုင်ရလဒ်ထိုက်တန်ပေမယ့် မကျေနပ်စရာကိစ္စတစ်ခုတော့ ရှိနေခဲ့တယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။
ဗန်ဒိုက်က “ ကျွန်တော့်အထင် ဘောလုံးပိုင်ဆိုင်ထားချိန်မှာ အတော်လေးကောင်းအောင် ကစားနိုင်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမရှိချိန် ကျွန်တော်တို့အသင်းရဲ့ဖိအားပေးမှုပုံစံတွေ မကောင်းမွန်ခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေက လိုင်းတွေကြားမှာ နေရာလွတ်တွေ ရှာဖွေနိုင်ခဲ့ကြပါတယ်။ စောစောစီးစီးဂိုးပေးလိုက်ရတာတော့ မကောင်းပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ကစားချင်တဲ့ပုံစံမျိုးနဲ့ ကစားမယ်ဆိုရင် ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ပါတယ်။ ဒီနေရာမှာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ အဆုံးမှာတော့ ချဲလ်ဆီးကသာ အနိုင်ရလဒ်နဲ့ထိုက်တန်ခဲ့ပါတယ်။ ဒါက အနိုင်ရရှိဖို့မျှော်လင့်ချက်နဲ့ အခုပွဲစဉ်ဆီ ရောက်ရှိလာတဲ့ ကျွန်တော်တို့အတွက် စိတ်ပျက်စရာအကောင်းဆုံးကိစ္စ ဖြစ်ပါတယ်။ကျွန်တော်တို့လည်း ကြိုးစားကစားခဲ့ပေမယ့် အဆုံးသတ်တော့ မကောင်းမွန်ခဲ့ပါဘူး။ ကျွန်တော်တို့လေ့ကျင့်ခဲ့ပုံစံ၊ ကျွန်တော်တို့ရဲ့ထက်မြက်မှုတွေကြောင့် လူတိုင်း အခုပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေခဲ့ပါတယ်”လို့ ပြောပါတယ်။