The network connection is lost.

Banner Image

ပါရီမြေမှာ ထူးခြားမှုတစ်ခုခု လုပ်ပြသွားရမယ်လို့ ဆိုလိုက်တဲ့ အာတီတာ

ဆီမီးဖိုင်နယ်ပထမအကျော့ရှုံးနိမ့်မှုအပြီး အာဆင်နယ်နည်းပြအာတီတာက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ဖို့ဆိုရင် ပါရီမြေမှာ ထူးခြားမှုတစ်ခုခုကို သူ့အသင်းကိုယ်တိုင် လုပ်ပြရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အမ်းမရိတ်စ်ကွင်းအတွင်း ဒမ်ဘီလီရဲ့သွင်းဂိုးကြောင့် ဂန်းနားတွေက လာမယ့်သီတင်းပတ်၊ ပါရီမြေဒုတိယအကျော့ပွဲစဉ်မှာ အလှည့်အပြောင်းတွေလုပ်ဆောင်ပြသွားဖို့ လိုအပ်လာခဲ့ပါတယ်။

အာဆင်နယ်က အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ဧည့်ခံရချိန် ဂိုးပေါက်တည့်ကန်ချက်ငါးကြိမ်လုံးကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ အတော်လေးစိတ်ပျက်နေကြပါလိမ့်မယ်။ အာတီတာက “ ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ချင်ရင် ထူးခြားမှုတစ်ခုခုတော့ လုပ်ပြရပါလိမ့်မယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ချင်လို့ လာမယ့်သီတင်းပတ်၊ ပါရီမြေမှာ ထူးခြားမှုတစ်ခုခုကို လုပ်ဆောင်ပြသွားဖို့ လိုအပ်လာပါပြီ ”လို့ ဆိုပါတယ်။

အခုပွဲစဉ်မှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ ဂန်းနားတွေက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်၊ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ သွင်းဂိုးနတ္ထိဖြစ်မှုမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အာတီတာက “ ဒီဖိုင်နယ်ဆီရောက်ရှိဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ထပ်ပြောရမယ်ဆိုရင် ဗိုလ်လုပွဲတက်နိုင်ဖို့ ထူးခြားမှုတစ်ခုခုတော့ လုပ်ပြနိုင်ရပါမယ်။ ပြီးတော့ လုပ်ရမယ့်နေရာက ပါရီမြို့မှာ ဖြစ်ပါတယ် ”လို့ ပြောပါတယ်။

အာဆင်နယ်က ၂၀၀၅-၂၀၀၆ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့သလို ပီအက်စ်ဂျီကလည်း သူတို့အသင်းသမိုင်းတလျှောက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကြီးကို အရယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ပြင်သစ်ကလပ်က အစောပိုင်းမှာလည်း အီတလီဂိုးသမားဒွန်နာရမ်မာရဲ့လက်စွမ်းပြမှုနဲ့အတူ လီဗာပူး၊ အက်စတွန်ဗီလာတို့ကို ပြိုင်ပွဲမှထွက်ခွာသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အလားတူ အခုလန်ဒန်မြေပွဲစဉ်မှာလည်း မာတင်နယ်လီ၊ ထရိုဆက်ဒ်တို့ရဲ့အပိုင်ကန်ချက်တွေအပါအဝင် အာဆင်နယ်ရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုငါးကြိမ်လုံးကို ဒွန်နာရမ်မာ ကာကွယ်သွားခဲ့ပြန်ပါတယ်။ အာတီတာက “ ကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမားလေးဦးအနက် နှစ်ဦးလောက်က ဒွန်နာရမ်မာနဲ့ တစ်ဦးချင်းရင်ဆိုင်တွေ့ခဲ့ပါတယ်။ သူတို့တွေသာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် ပွဲပြီးရလဒ်က ခြားနားသွားပါလိမ့်မယ်။ ဒွန်နာရမ်မာကတော့ ဒီလိုဂိုးပေါက်ကာကွယ်မှုတွေကို လီဗာပူး၊ အက်စတွန်ဗီလာတို့နဲ့ ရင်ဆိုင်ရချိန်မှာလည်း လုပ်ပြသွားခဲ့ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒါက ခြားနားချက်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။