
ဂရင်းစ်ဘီကိုရှုံးနိမ့်ပြီးနောက် ယူနိုက်တက်အဝတ်လဲခန်းထဲမှာ ဘာတွေဖြစ်ခဲ့သလဲ ဖွင့်ဟလာတဲ့ ဒီလစ်ချ်
မန်ချက်စတာယူနိုက်တက်ဗဟိုခံစစ်မှူး ဒီလစ်ချ်က ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားဒုတိယအဆင့်ပွဲစဉ်မှာ အင်္ဂလန်လိဂ်(၂) ကလပ် ဂရင်းစ်ဘီကို ပင်နယ်အဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းသားတွေဟာ အဝတ်လဲခန်းထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဆိုပါရှုံးပွဲကြောင့် ကာရာဘောင်ဖလားပြိုင်ပွဲကနေထွက်ခွာခဲ့ရသလို၊ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စတုတ္တတန်းကလပ်ကို ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့ယူနိုက်တက်ဟာ ယခုရာသီမှာ ပိုမိုကောင်းတဲ့ခြေစွမ်းမျိုးပြသလာနိုင်ပေမယ့် ရလဒ်ပိုင်းတွေမှာတော့ အားရစရာမရှိသေးပါဘူး။
ဂရင်းစ်ဘီကိုရှုံးနိမ့်ပြီးနောက်မှာနည်းပြရူဘင်အာမိုရင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေရှိနေသလို၊ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း မေးခွန်းထုတ်လာကြတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဒီလစ်ချ်က ဂရင်းစ်ဘီကိုရှုံးနိမ့်ပြီးနောက် အသင်းရဲ့အဝတ်လဲခန်းထဲမှ အခြေအနေတွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
နယ်သာလန်လက်ရွေးစင်က "ဒီရလဒ်အတွက် ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ ပရိသတ်တွေအနေနဲ့ နည်းပြကိုပဲ အဓိကထားပြီး ဝေဖန်ကြပေမယ့် ကျွန်တော်တို့ကစားသမားတွေကလည်း တာဝန်မကျေခဲ့ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိကြပါတယ်။ အဲဒီပွဲအပြီး အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေခဲ့ကြပြီး ဒီပွဲရဲ့စွမ်းဆောင်ရည်က လက်ခံနိုင်စရာမဟုတ်ဘူးဆိုတာ ပြောခဲ့ကြပါတယ်။ မန်နေဂျာရဲ့အမှားဆိုပြီးပြောနေကြပေမယ့် တကယ်တော့ ကျွန်တော်တို့မှာတာဝန်ရှိတာပါ"
"ကျွန်တော်တို့က နည်းပြရဲ့အနောက်မှာရပ်နေသလို၊ နည်းပြကလည်း ကျွန်တော်တို့အနောက်မှာ ရပ်တည်ပေးနေပါတယ်။ ဒါကြောင့် ဒီပုံစံအတိုင်းပဲဆက်သွားရပါမယ်။ အခက်ခဲတွေကတော့ ဆက်ကြုံရဦးမှာပါပဲ။ ဒါကို ကျွန်တော်တို့သိပါတယ်။ အသင်းကိုကူညီနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ဘန်လေကို ၃-၂ နဲ့အနိုင်ယူပြီး ၂၀၂၅-၂၆ ဘောလုံးရာသီ ပထမဆုံးနိုင်ပွဲကို စတင်ရရှိခဲ့ပါတယ်။ လာမယ့်စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ အာမိုရင်ရဲ့အသင်းဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။