
နာပိုလီရဲ့အနာဂတ်ကို ပိုမိုကောင်းမွန်အောင်ပုံဖော်နိုင်မယ်လို့ယုံကြည်ကြောင်း ဖွင့်ဟလာတဲ့ ဒီဘရိုင်း
မန်ချက်စတာစီးတီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီး စီးရီးအေကလပ် နာပိုလီသို့ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းက သူ့အနေနဲ့ အသင်းသစ်အတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ပေးသွားနိုင်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးမှာ ၁၀ နှစ်ကြာနေထိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်အထိဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံသားဟာ မန်စီးတီးအတွက်ပြိုင်ပွဲစုံ ၄၂၂ ပွဲအထိပါဝင်ကစားခဲ့ပြီး ၁၀၈ ဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှုအကြိမ် ၁၇၀ အထိပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၁၈ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယမြောက်ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ ဒီဘရိုင်းကို မေဂျာလိပ်ကလပ်တွေနဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေအပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေကပါ ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ကြပေမယ့် ဘယ်လ်ဂျီယံသားဟာ နာပိုလီကိုပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
နာပိုလီနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီဘရိုင်းက "ကျွန်တော်က ချန်ပီယံတစ်ယောက်ပါ။ ပွဲစဉ်တိုင်းကို အနိုင်ရချင်ပါတယ်။ ပြီးတော့ ရှုံးရတာကို မုန်းပါတယ်။ ဒီအသင်းက ပြီးခဲ့တဲ့ရာသီမှာ စကူဒက်တိုဖလားကိုဆွတ်ခူးနိုင်ခဲ့သလို နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပါတယ်။ ဒီအသင်းနဲ့အတူ ပိုကောင်းတဲ့အနာဂတ်ကို ပုံဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
"နာပိုလီက ရည်မှန်းချက်ကြီးတဲ့အသင်းပါ။ စည်းစည်းလုံးလုံးနဲ့ ရှေ့ကိုချီတက်နေတဲ့အသင်းတစ်သင်းပါ။ ဒါကြောင့် သူတို့ရဲ့ပရောဂျက်ကို ကျွန်တော်သဘောကျခဲ့ပြီး အသင်းရဲ့ရည်မှန်းချက်ကို ကူညီဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ နာပိုလီကို စီးရီးအေဆုဖလားဆွတ်ခူးစေဖို့ အဓိကနေရာကနေကူညီပေးခဲ့သူမှာ ဒီဘရိုင်းရဲ့ လက်ရွေးစင်အသင်းဖော် ရိုမီလူလူကာကူဖြစ်ပြီး ကစားသမားဟာ လိဂ်မှာ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ဆက်လက်ပြီး ဒီဘရိုင်းက "ကျွန်တော်နဲ့လူကာကူက အသက်-၁၃ နှစ်မှာကတည်းက သိလာခဲ့ကြတာပါ။ ဒီအသင်းနဲ့ ဒီမြို့ရဲ့ကောင်းကြောင်းတွေ ကျွန်တော့်ကို ခဏခဏပြောပြပါတယ်။ သူနဲ့အတူ ဒီအသင်းမှာကစားဖို့ စိတ်လှုပ်ရှားနေပါတယ်"
"ကျွန်တော့်အတွက် ဒီနိုင်ငံက အသစ်လိုပါပဲ။ ကျွန်တော်အင်္ဂလန်မှာ ၁၀ နှစ်နေခဲ့ပေမယ့် ဒီမှာရမယ့် အတွေ့အကြုံသစ်တွေကလည်း ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက်ကောင်းတာတွေဖြစ်လာမယ့် ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။