The network connection is lost.

Banner Image

ကာကက်ဇ်ကို ပထမပိုင်းပွဲချိန်မှာ ဘာကြောင့်လူစားလဲလှယ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က ဘန်လေနဲ့ပွဲစဉ်ရဲ့အစောပိုင်းပွဲချိန်မှာ ဟန်ဆောင်လှဲချမှုကြောင့် အဝါကတ်ပြသခံရထားတဲ့ ကာကက်ဇ်အနေဖြင့် အနီကတ်ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်မယ်လို့ အပြည့်အဝမယုံကြည်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ အဝါကတ်ပြသခံထားရတဲ့ ဘယ်နောက်ခံအစွန်လူကို အန်းစလော့က ပွဲချိန် ၃၈ မိနစ်မှာ အန်ဒီရောဘတ်ဆန်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။ ဒီလူစားလဲလှယ်မှုက  မိုဆာလက်ရဲ့နောက်ကျပယ်နယ်တီဂိုးနဲ့ အဖိုးတန်နိုင်ပွဲရရှိမှုမတိုင်ခင် အလုပ်ဖြစ်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ဘန်လေရဲ့ဂိုးဧရိယာအတွင်း ဟန်ဆောင်လှဲချမှုကြောင့် ပွဲချိန် ၂၂ မိနစ်မှာပဲ ကာကက်ဇ်အတွက် အဝါကတ်ပြစ်ဒဏ် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ အိမ်ရှင်တွေက ဟန်ဂေရီသားတာဝန်ယူထားတဲ့ ဘယ်ခြမ်းအစွန်ခံစစ်ပိုင်းနေရာကို ပစ်မှတ်ထားတိုက်ခိုက်လာပြီး လီဗာပူးကို နောက်ထပ်အန္တရာယ်ဖြစ်စေမယ့် အခြေအနေမှကာကွယ်ပေးနိုင်ရန် အန်းစလော့အတွက် ဆုံးဖြတ်ချက်တစ်ခု မဖြစ်မနေချမှတ်ဖို့ တွန်းအားပေးလာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ရောဘတ်ဆန်ဝင်ရောက်လာပြီး လီဗာပူးခံစစ်ပိုင်းကို တည်ငြိမ်စေခဲ့သလို မိုဆာလက်ရဲ့နောက်ကျပယ်နယ်တီသွင်းဂိုးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် အဖိုးတန်သုံးမှတ် ရယူနိုင်ခဲ့ပါတယ်။

BBC Sport နဲ့တွေ့ဆုံချိန် ပထမပိုင်းပွဲချိန်အတွင်းမှာပဲ ကာကက်ဇ်ကို လူစားလဲလှယ်ခဲ့မှုနဲ့ပတ်သက်လို့ အန်းစလော့က “ သူ အဝါကတ်ပြသခံထားရလို့ အခုလိုလူစားလဲလှယ်ခဲ့တာပါ။ ကျွန်တော်တို့သာ ဒုတိယမြောက်အဝါကတ်ပြသခံရမယ်ဆိုရင် ကွင်းတွင်းမှာရှိနေတဲ့ပရိသတ်တွေက ဒီပွဲစဉ်ကို အနိုင်ရရှိဖို့အတွက် အခွင့်အလမ်းတစ်ခုရရှိသွားပြီလို့ တွေးနေကြမယ်လို့ ထင်ပါတယ်။

ကာကက်ဇ်ကိုယ်တိုင် နောက်တစ်ကြိမ်ပြစ်ဒဏ်မကျူးလွန်ဘူးဆိုတာ ကျွန်တော်ကတော့ ရာနှုန်းပြည့်မယုံကြည်ပါဘူး။ ဒီအတိုင်းဖြစ်လာခဲ့ရင် ပရိသတ်တွေက ဒိုင်ကို ဝိုင်းပြီးအပြစ်တင်ကြပါလိမ့်မယ်။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့ရှုံးသွားနိုင်ခြေရှိတဲ့ တစ်ခုတည်းသောအကြောင်းရင်းက ကစားသမားတစ်ဦးထုတ်ပယ်ခံရမှုပဲဖြစ်လိမ့်မယ်လို့ တွေးမိခဲ့ပါတယ်”လို့ ပြောပါတယ်။

ကာကက်ဇ်က အသက်အရွယ်ရလာပြီဖြစ်တဲ့ ရော်ဘတ်ဆန်ရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့စီမံကိန်းတစိတ်တပိုင်းအဖြစ် ဘုန်းမောက်မှ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဟန်ဂေရီသားကို အခုရာသီ၊ အန်းစလော့အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိသူအဖြစ် မျှော်လင့်ခဲ့ကြပေမဲ့ အန်းစလော့ရဲ့ ကာကက်ဇ်အပေါ် အပြည့်အဝမယုံကြည်ပေးနိုင်ဘူးဆိုတဲ့ ဝန်ခံချက်ကြောင့် ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုဆီ စကော့တလန်သားပြန်လာနိုင်ဖို့ နီးစပ်လာပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်၊ အန်ဖီးလ်မှာ အက်သလက်တီကိုမက်ဒရစ်ကို ဧည့်ခံကစားရချိန် ကာကက်ဇ်ကို လီဗာပူးအသင်းရဲ့ဘယ်အစွန်ခံစစ်နေရာမှာ မြင်တွေ့ရနိုင်ပါတယ်။