The network connection is lost.

Banner Image

ဘယ်လင်ဟမ်ကို ပွဲထွက်လူစာရင်းထဲမှာထည့်သွင်းဖို့ လိုအပ်နေကြောင်း ပြောကြားလာတဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက သူ့အနေနဲ့ အသင်းရဲ့ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ကို ပွဲထွက်လူစာရင်းမှာထည့်သွင်းဖို့ ဘာကြောင့်လိုအပ်နေသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ လာမယ့်လာလီဂါပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဘယ်လင်ဟမ်တစ်ယောက် ပွဲထွက်ပါဝင်လာမယ်လို့ အလွန်ဆိုကအတည်ပြုပြောကြားထားပါတယ်။

အသက်-၂၂ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ ပခုံးဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ဒီရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် လူစားဝင်ကစားသမားအဖြစ် ၂ ကြိမ်သာပါဝင်ကစားခွင့်ရထားပါတယ်။ 

ဘယ်လင်ဟမ်ဟာ ဒဏ်ရာပြဿနာကြောင့် ၂၀၂၃-၂၄၊ ၂၀၂၄-၂၅ ရာသီတွေအတွင်း မကြာခဏဆိုသလို အနားယူနေခဲ့ရပြီး ပြီးခဲ့တဲ့ ဇူလိုင်လကမှ ခွဲစိတ်ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်မှုကြောင့် ကနဦးက ကစားသမားဟာ အောက်တိုဘာလအထိ အနားယူရမယ်လို့ အသိပေးခဲ့ပေမယ့် ယခုအခါမှာ လျင်လျင်မြန်မြန်သက်သာလာတာကြောင့် ယခုလအတွင်းမှာပဲ ပြန်လည်ကစားလာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာသာမက ချန်ပီယံလိဂ်မှာပါ အခြေအနေကောင်းနေပြီး ပွဲစဉ်တိုင်းကို အနိုင်ရထားတာကြောင့် ဘယ်လင်ဟမ်ရဲ့ပြန်လာမှုက အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ကို ပိုမိုအားကောင်းလာစေမှာဖြစ်ပါတယ်။ 

လာမယ့် အက်သလက်တီကိုနဲ့ပွဲမှာ ဘယ်လင်ဟမ်ပွဲထွက်နိုင်မယ့်အကြောင်းကို အလွန်ဆိုက "ဘယ်လင်ဟမ်ရော၊ ကာမာဗင်ဂါပါ ဒီပွဲမှာ ပွဲထွက်ကစားနိုင်ပါတယ်။ ဘယ်လင်ဟမ်က ကွင်းလယ်တိုက်စစ်ကစားသမားပါ။ သူက ကစားကွက်တည်ဆောက်နိုင်သလို အဆုံးသတ်ပိုင်းမှာလည်း ထူးချွန်ပါတယ်။ ကျွန်တော်တို့အသင်းမှာ သူ့ရဲ့စွမ်းဆောင်ရည်က အရမ်းလိုအပ်ပါတယ်။ သူ့ရဲ့ ပြင်လွယ်ပြောင်းလွယ်ရှိတဲ့ ကစားဟန်ကို ကျွန်တော်တို့ အသုံးပြုသွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ဘယ်လင်ဟမ်အနေနဲ့ အက်သလက်တီကိုနဲ့ပွဲမှာသာမက လာမယ့်အပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ရီးရဲလ်မက်ဒရစ်အတွက် ဆက်လက်ပါဝင်ကစားသွားနိုင်ချေရှိပါတယ်။