
အာဆင်နယ်ရဲ့ပစ်မှတ် ရိုဒရီဂိုကို ရီးရဲလ်မှာဆက်လက်ထိန်းသိမ်းလိုကြောင်း အလွန်ဆိုပြောကြား
ရီးရဲလ်မက်ဒရစ်နည်းပြသစ် ဇာဘီအလွန်ဆိုက ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်ကပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမား ရိုဒရီဂိုကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက ဆန်တီယာဂိုဘာနေဗျူးကနေထွက်ခွာမယ်လို့ သတင်းကြီးခဲ့တဲ့ ဘရာဇီးလက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ်မှာ နောက်ထပ်တစ်ရာသီဆက်လက်နေထိုင်ခဲ့ပြီး ယခုအခါမှာလည်း အသင်းမှထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာပြန်တာဖြစ်ပါတယ်။
သတင်းတွေအရ ရိုဒရီဂိုဟာ အာဆင်နယ်နဲ့ချိတ်ဆက်ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပြီး အာဆင်နယ်ကလည်း အသင်းရဲ့တောင်ပံကိုအင်အားဖြည့်တင်းဖို့အတွက် ရိုဒရီအပါအဝင် ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယမ်စ်နဲ့ နယူးကာဆယ်မှ အန်တိုနီဂေါ်ဒွန်တို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း ရိုဒရီဂိုကို စောင့်ကြည့်နေကြပြီး ရီးရဲလ်မက်ဒရစ်ကတော့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၇.၅ သန်းအထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘရာဇီးသားကိုထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေပေမယ့် ကာလိုအန်ဆယ်လော့တီနေရာမှာအစားထိုးဝင်ရောက်လာတဲ့ နည်းပြသစ်အလွန်ဆိုကတော့ အသင်းမှာဆက်လက်ထိန်းသိမ်းဖို့သာ အလိုရှိနေပါတယ်။
အယ်လ်ဟီလယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်မတိုင်မီမှာ အလွန်ဆိုက "သူ့ရဲ့အခြေအနေဘယ်လိုတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်သိပါတယ်။ သူ့အတွက် လွယ်ကူမှာတော့မဟုတ်ပါဘူး။ ဒါတွေကို မေ့ပစ်ပြီး အသင်းအတွက် ပျော်ပျော်ရွှင်ရွှင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရိုဒရီဂိုရဲ့ဖခင်နဲ့ အေးဂျင့် အဲရစ်ဂို့စ်တို့ကလည်း အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်လိုခြင်းမရှိတာကြောင့် ကစားသမားအနေနဲ့ ရီးရဲလ်မှာပဲ ဆက်လက်နေထိုင်ဖို့ အလားအလာများနေပါတယ်။ စပိန်သတင်းတွေအရ အလွန်ဆိုဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ရိုဒရီဂိုကို သေချာဂရုစိုက်နေပြီး အသင်းမှာဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။
ရိုဒရီဂိုရဲ့ ဘရာဇီးလက်ရွေးစင်အသင်းဖော် အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်မက်ဂါဟေးစ်ကတော့ ရိုဒရီဂိုကိုချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ကိစ္စတွေကိုတော့ သိရှိခြင်းမရှိကြောင်း ပြောကြားထားပါတယ်။ အာဆင်နယ်က ရိုဒရီဂိုကိုခေါ်ယူဖို့အလားအလာရှိမရှိမေးမြန်းခဲ့ရာ ဂါဘရီရယ်က "ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ရိုဒရီဂိုက အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ သူ အာဆင်နယ်ကိုလာဖို့မလာဖို့က ကျွန်တော့်အပေါ်မှာမူတည်မနေပါဘူး။ သူက အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာတော့ ကျွန်တော်ပြောပြပြီးသားပါ" လို့ပြောကြားခဲ့ပါတယ်။