The network connection is lost.

Banner Image

၂၀၂၆ မှာနည်းပြလောကထဲပြန်လာဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာနည်းပြဟောင်း

ဘာစီလိုနာနည်းပြဟောင်း ဇာဗီတစ်ယောက် ၂၀၂၆ ထဲမှာနည်းပြလောကထဲကို ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာကွင်းလယ်လူဟောင်းဟာ ၂၀၂၄ မေလတုန်းက ဘာစီလိုနာကနေထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဇာဗီဟာ ဘာစီလိုနာနဲ့အတူ ၂၀၂၂ - ၂၃ ရာသီအဖြစ် ပထမဆုံးရာသီမှာတင် လာလီဂါချန်ပီယံဆုကိုရယူနိုင်ခဲ့ပေမယ့် နောက်ဆုံးလတွေမှာတော့ အနုတ်လက္ခဏာဆောင်ခဲ့တာဖြစ်ပါတယ်။ အသက် ၄၅ နှစ်သားက နည်းပြလောကထဲပြန်လည်ဝင်ရောက်ဖို့ စီစဉ်နေပေမယ့် ဘာစီလိုနာနဲ့အတူ စိတ်ပျက်စရာတွေက လွှမ်းမိုးနေဆဲဖြစ်ပါတယ်။

“ကျွန်တော့်အတွက် အလျင်စလိုလုပ်စရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော် ကောင်းမွန်တဲ့ပရောဂျက်ကို သဘောကျပါတယ်။ ခင်ဗျားမှာ ၄ နှစ်အလုပ်လုပ်ဖို့အပြင် ပရောဂျက်တစ်ခုလုပ်ရပါမယ်။ ကျွန်တော် ပရီးမီးယားလိဂ်မှာအလုပ်လုပ်ရတာကို ချစ်မြတ်နိုးပါတယ်။ အဲ့နေရာက စိတ်အားထက်သန်မှုကို သဘောကျပါတယ်။ စပိန်မြေမှာက ရလဒ်တွေအကြောင်း ပြောတာများပါတယ်။ ကျွန်တော် နောက်တစ်ကြိမ်ခံစားဖို့ အသင့်ပါပဲ။ ဒါပေမယ့် ဘာစီလိုနာမှာ ကျွန်တော် ခံစားခဲ့ရတာထက်များတာမရှိလောက်ပါဘူး။ ကျွန်တော့်အတွက် အရမ်းခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကပရိသတ်လည်းဖြစ်ခဲ့တာပါ”လို့ ဇာဗီက ဖြေကြားခဲ့ပါတယ်။

ဇာဗီရဲ့မှတ်ချက်ကြောင့် အင်္ဂလန်မြေရောက်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပြီး ဂွါဒီယိုလာနေရာမှာ ဆက်ခံနိုင်တယ်လို့ ယူဆနေကြပါတယ်။ အခြားတစ်ဖက်မှာလည်း ယူနိုက်တက် နဲ့ အာဆင်နယ်တို့က စောင့်ကြည့်နေကြပြီး အာဆင်နယ်က ၂၀၂၆ မှာ အာတီတာဆုဖလားမရခဲ့ရင် ဇာဗီကို အစားထိုးနိုင်ချေရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဇာဗီအနေနဲ့ နည်းပြလောကထဲပြန်လာမှာဖြစ်ပေမယ့် နိုင်ငံအသင်းကိုတော့ ကိုင်တွယ်ဖွယ်မရှိတာဖြစ်ပါတယ်။ အိန္ဒိယအသင်းက နည်းပြသစ်ရှာဖွေနေပြီး မားကွက်ဇ်နေရာမှာ ဇာဗီနဲ့အစားထိုးချင်နေပါတယ်။ ဒါပေမယ့် ဒီရီယိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဇာဗီအနေနဲ့ နိုင်ငံအသင်းကို စိတ်မဝင်စားဘူးလို့ ဖော်ပြခဲ့ပါတယ်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာ ပေါလ်ကတော့ ဇာဗီဟာ ဒီအလုပ်ကိုအလိုရှိနေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေကတော့ အိန္ဒိယအနေနဲ့ ဇာဗီ နဲ့ အခြားပစ်မှတ်တွေကို ခေါ်ယူနိုင်ခြင်းမရှိလောက်ဘူးလို့ ဖော်ပြခဲ့ပါတယ်။