The network connection is lost.

Banner Image

အခုနွေရာသီကာလအတွင်း ပေါင်သန်း ၃၀၀ နီးပါး သုံးစွဲနိုင်ပုံအကြောင်း ရှင်းပြလိုက်တဲ့ လီဗာပူးစီအီးအို

လီဗာပူးအသင်းရဲ့နွေရာသီအသုံးစရိတ်ဟာ ပေါင်သန်း ၃၀၀ နီးပါး ရောက်ရှိလာပြီဖြစ်လို့ ဘောလုံးကမ္ဘာတစ်ခုလုံး အံ့သြမှင်သက်လာကြပါတယ်။ ဒါပေမယ့် မာဆေးဆိုဒ်ကလပ်စီအီးအို ဘီလီဟိုဂန်အတွက်တော့ အပြောင်းအရွှေ့ဈေးကွက်ဆီ အခုလိုမျိုးအရှိန်အဟုန်ဖြင့် ချဉ်းကပ်လာခြင်းဟာ စိတ်လိုက်မာန်ပါပြုလုပ်နေခြင်းမဟုတ်ဘဲ လီဗာပူးအသင်းရဲ့ကွင်းတွင်းကွင်းပြင်ရည်မှန်းချက်တွေကို ပြတ်ပြတ်သားသားထုတ်ဖော်ပြသလိုက်မှုနဲ့အတူ စေ့စပ်သေချာစွာစီစဉ်ထားမှုရဲ့အထွဋ်အထိပ်ကာလဆီ ရောက်ရှိသွားခြင်းသာ ဖြစ်ပါတယ်။

ယမန်နှစ်ဘောလုံးရာသီမှာ သမိုင်းဝင်အကြိမ် ၂၀ မြောက်အင်္ဂလန်ချန်ပီယံဖြစ်လာပြီးနောက် ကလပ်အသင်းက ဈေးကွက်မှာ တိကျမှန်ကန်တဲ့ကြေညာချက်တစ်ခုထုတ်ပြန်ဖို့ အချိန်တန်ပြီလို့ ယူဆလာခဲ့ပါတယ်။ ဟိုဂန်ကိုယ်တိုင်လည်း အခုလိုရင်းနှီးမြှုပ်နှံမှုတိုးတက်လာခြင်းဟာ ပြည်တွင်းသာမက ကမ္ဘာလုံးဆိုင်ရာဘောလုံးအဖွဲ့အစည်းတစ်ခုအဖြစ် လီဗာပူးအသင်းတိုးတက်ပြောင်းလဲနေပုံကို ထင်ဟပ်ပြသနေတယ်လို့ ယုံကြည်နေပါတယ်။

သူတို့တွေရဲ့နောက်ဆုံးကစားသမားခေါ်ယူမှုကတော့ စွမ်းဆောင်ရည်ဆိုင်ရာအပိုဆုကြေးများအပါအဝင် ပြောင်းရွှေ့ကြေးပေါင် ၇၉ သန်း(ဒေါ်လာ ၁၀၆ ဒဿမ ၈၄ သန်း)တန်ကြေးရှိ ဖရန့်ဖတ်တိုက်စစ်မှူးအီကီတီကီ ဖြစ်ပါတယ်။ အီကီတီကီရောက်ရှိလာမှုနဲ့အတူ ကလပ်အသင်းရဲ့အခုနွေရာသီအပြောင်းအရွှေ့အသုံးစရိတ်က ပေါင်သန်း ၃၀၀ နီးပါး ရှိလာခဲ့ပြီး သတိကြီးကြီးဖြင့်ရေရှည်တည်တံ့လိုတဲ့ ပုံမှန်အပြောင်းအရွှေ့ချဉ်းကပ်မှုပုံစံမှ သိသိသာသာလမ်းခွဲထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

The Athletic သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာတော့ ဘီလီဟိုဂန်က လက်ရှိအသုံးစရိတ်လှိုင်းလုံးကြီးဟာ ဒဿနပိုင်းဆိုင်ရာရုတ်ချည်းပြောင်းလဲသွားမှုရဲ့ရလဒ်မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာစီမံထားခဲ့တဲ့ မဟာဗျူဟာမြောက်အစီအစဉ်တစ်ခုသာဖြစ်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

သူက “ ဒါဟာ အခုမှဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ လုပ်နေခဲ့တာ နှစ်နဲ့ချီရှိပါပြီ။ ကျွန်တော်တို့ပုံမှန်အာရုံစိုက်လေ့ရှိတဲ့အရာတွေအနက် တစ်ခုကတော့ ကဏ္ဍပေါင်းစုံတိုးတက်လာစေဖို့ ဖြစ်ပါတယ်။ တက်နိုင်သလောက်ဝင်ငွေရရှိအောင်ရှာဖွေပြီး အသင်းကို နည်းမှန်လမ်းမှန်မောင်းနှင်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါဟာ ကလပ်အသင်းအတွက် အကူအညီဖြစ်စေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အပြောင်းအရွှေ့ဈေးကွက်တစ်ခုတည်းကိုပဲ ကြည့်လိုက်မယ်ဆိုရင်တော့ အခက်အခဲရှိလာပြီး ဒေတာအချက်အလက်တွေကို သိသိသာသာလမ်းလွဲစေပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလမှာဆိုရင် ကျွန်တော်တို့တွေ လုံလုံလောက်လောက်ငွေမသုံးစွဲခဲ့ဘူးဆိုတဲ့ မှတ်ချက်တွေ အများကြီးရှိခဲ့ပါတယ်”လို့ ဆိုပါတယ်။

ကလပ်အသင်းရဲ့အမေရိကန်ပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group (FSG) ကိုယ်တိုင်လည်း အခုဆင့်ကဲဖြစ်စဉ်မှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အောင်ပွဲအပြီး FSG က လီဗာပူးအသင်းကို ဆုဖလားပြိုင်ဘက်များသာမက ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုခံထားရတဲ့ စက်ယန္တရားကြီးတစ်ခုအဖြစ် မြင်တွေ့လိုလာခဲ့တယ်လို့ ဟိုဂန်က ရှင်းပြပါတယ်။

“ အကြိမ် ၂၀ မြောက်အင်္ဂလန်ချန်ပီယံဖြစ်လာခြင်းကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါက ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်အသင်းတစ်ခုအဖြစ် စာရင်းဝင်လာခြင်းပဲ ဖြစ်ပါတယ်။ အန်ဖီးလ်မှာကစားဖို့ ကမ္ဘာ့ဘောလုံးကြယ်ပွင့်တွေရောက်ရှိလာခြင်းနဲ့အတူ ဟောင်ကောင်နဲ့ ဂျပန်မှာ ကွင်းလုံးပြည့်လျှံအားပေးမှု ဆိုတဲ့ကိစ္စတွေဟာ ကျွန်တော်တို့မျှော်လင့်ထားပြီး လုပ်ချင်နေတဲ့အရာတွေပဲ ဖြစ်ပါတယ်”လို့ ဟိုဂန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

လက်ရှိဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများနဲ့ကိုက်ညီနေဖို့အတွက်လည်း လီဗာပူးအသင်းက ညာနောက်ခံလူအာနိုးလ်အပါအဝင် ကစားသမားခြောက်ဦးကို အသင်းမှထွက်ခွာခွင့်ပြုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့တွေက အသင်းအတွက် ပေါင် ၆၄ သန်းနီးပါး ဝင်ငွေရရှိခဲ့ပါတယ်။ ဒီဝင်ငွေက အခုနွေရာသီအသုံးစရိတ်ကို မကာမိစေပေမယ့် ကလပ်အသင်းရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေအပေါ် အတိအကျလိုက်နာမှုကို ထင်ထင်ရှားရှားပြသပေးနေပါတယ်။

လတ်တလောမှာ လီဗာပူးအသင်းက သူတို့ရဲ့အမှတ်တံဆပ်တည်ရှိမှုအားကောင်းစေရန်နဲ့ ရာသီသစ်မစတင်မီ ပြင်ဆင်မှုတွေလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး အာရှဒေသဆီ ခရီးထွက်ခွာလာခဲ့ပါတယ်။ လာမယ့်စနေနေ့မှာတော့ သူတို့တွေက ဟောင်ကောင်၊ Kowloon မှာ အီတလီဘီလူးကြီးအေစီမီလန်နဲ့ ခြေစမ်းပွဲကစားပါလိမ့်မယ်။ ဒီနောက်မှာတော့ အနီရောင်တပ်ဖွဲ့က J League World Challenge အတွက် ဂျပန်နိုင်ငံဆီ ဆက်လက်ထွက်ခွာပြီး လာမယ့်သီတင်းပတ်ဗုဒ္ဓဟူးနေ့မှာ Yokohama F.Marinos နဲ့ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။