
မာလီဆရာဝန်ရဲ့စစ်ဆေးစမ်းသပ်မှုအပြီး ဘစ်ဆူးမား ပြန်လာနိုင်မယ့် ခန့်မှန်းအချိန်ဇယား ထွက်ပေါ်လာ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မာဒါဂါစကာကို ၄-၁ ဂိုးဖြင့် မာလီတို့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ဘစ်ဆူးမားဟာ လပေါင်းများစွာမဟုတ်ဘဲ သီတင်းပတ်အနည်းငယ်သာ အနားယူသွားရလိမ့်မယ်လို့ သိရပါတယ်။ ဒီပွဲစဉ်မှာ ခံစစ်ကို မာမာထန်ထန်ကာကွယ်ပေးလေ့ရှိတဲ့ ကွင်းလယ်ကစားသမားက လူစားလဲလှယ်ဝင်ရောက်လာပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ ဒဏ်ရာရရှိခဲ့ပါတယ်။
ဘစ်ဆူးမားက အခုဘောလုံးရာသီ၊ တော့တင်ဟမ်အတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးပေမဲ့ ကာလတစ်ခုကြာ သူအနားယူသွားရမယ့်အရေးကိစ္စအပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ မာလီလက်ရွေးစင်အသင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ အစီအစဉ်တွေသာ အဆင်ပြေပြေဖြစ်လာမယ်ဆိုရင် ဘစ်ဆူးမားအနေဖြင့် ဒဏ်ရာကြောင့် ရက်သတ္တပတ် နှစ်ပတ်မှ သုံးပတ်အထိသာ အနားယူသွားရမယ်လို့ သိရပါတယ်။
တော့တင်ဟမ်အသင်းဆေးအဖွဲ့တာဝန်ရှိသူတွေကလည်း ဘစ်ဆူးမားရဲ့ဒဏ်ရာအတိမ်အနက်ကို ကိုယ်တိုင်စစ်ဆေးကြည့်သွားဖို့ မျှော်လင့်ထားကြပေမဲ့ ဘရိုက်တန်ကစားသမားဟောင်းရဲ့ခြေကျင်းဝတ်မှာ သိသိသာသာဒဏ်ရာရရှိခဲ့တယ်ဆိုတာကိုတော့ သိရှိထားကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေအပြင် ကုသမှုပုံစံတွေကြောင့် အခုလမကုန်ခင် ဘစ်ဆူးမားကို မြက်ခင်းပြင်ပေါ်မှာ ပြန်လည်မြင်တွေ့ရမယ်လို့ မျှော်လင့်ရသော်လည်း ဒူးဒဏ်ရာပြဿနာနဲ့လည်းရင်ဆိုင်နေရတဲ့ မာလီလက်ရွေးစင်ကို အလျှင်စလိုမမြင်တွေ့နိုင်သေးဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပြန်ပါတယ်။
နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဖီနာဘာချီဆီရောက်ရှိဖို့ နီးစပ်ခဲ့ဖူးတဲ့ အသက်-၂၉ နှစ်အရွယ်ကစားသမားက စည်းကမ်းပိုင်းဆိုင်ရာပြဿနာတွေကြောင့် သြဂုတ်လအတွင်း ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်အတွက် သောမတ်စ်ဖရန့်ခ်ရဲ့လူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ အခုခြေကျင်းဝတ်ဒဏ်ရာရရှိပြီးနောက် ဘစ်ဆူးမားအတွက် အွန်လိုင်းမှတဆင့် မာလီလက်ရွေးစင်အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့အားပေးထောက်ခံမှုတွေ ရောက်ရှိလာခဲ့ပါတယ်။
ကစားသမားကိုယ်တိုင်ကလည်း တက်နိုင်သမျှ အမြန်ဆုံးသက်သာကောင်းမွန်လာစေရန် ရည်မှန်းထားတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Instagram လူမှုကွန်ရက်မှတဆင့် ဘစ်ဆူးမားက “ လုံးဝနောင်တမရပါဘူး။ ကိုယ့်နိုင်ငံအတွက် တစ်ဖန်ပြန်ပြီး ကိုယ်စားပြုခွင့်ရရှိလို့ ကျေနပ်မိပါတယ်။ နောက်တစ်ကြိမ်ကျရင်လည်း ကျွန်တော်က တိုင်းပြည်ချစ်စိတ်နဲ့အတူ လက်ရွေးစင်အဖြစ် ပါဝင်ကစားသွားပါလိမ့်မယ်။
လဲကျသွားတယ်ဆိုပေမယ့် ဘယ်လိုပြန်လည်ထူထောင်ရမလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်သိပါတယ်။ စိန်ခေါ်မှုတိုင်းဟာ သင်ခန်းစာတစ်ခုဖြစ်ပြီး ကျရှုံးမှုတိုင်းဟာလည်း ကျွန်တော့်ရဲ့ယုံကြည်မှုနဲ့ ခွန်အားတွေကို အမှတ်တရဖြစ်မိစေပါတယ်။ ဒါက အဆုံးသတ်တစ်ခုမဟုတ်ဘဲ ပိုမိုခိုင်မာတဲ့သံဓိဋ္ဌာန်တွေနဲ့အတူ ကဏ္ဍသစ်တစ်ခုရဲ့စမှတ်သာ ဖြစ်ပါတယ်။ မကြာခင်မှာ ပြန်ဆုံတွေ့ကြမယ်”လို့ ရေးသားမျှဝေခဲ့ပါတယ်။