ရှေ့သို့
Image

ဆားဘီးယားကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဂျာမနီ၊ သြစတြီးယားကို ပြန်လည် အနိုင်ယူပြီး မျှော်လင့်ချက် ပြန်လည် ရှင်သန်ခဲ့တဲ့ ဒိန်းမတ်

8:13 AM, 21 June

ယမန်နေ့ညက ယူရို ယူ-၂၁ ပွဲစဉ်တွေ  ယှဉ်ပြိုင် ကစားရာမှာ ဂျာမနီအသင်းက ဆားဘီးယား အသင်းကို ၆ ဂိုး ၂ ဂိုး ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့သလို ဒိန်းမတ်အသင်းကလည်း သြစတြီးယားအသင်းကို ၃-၁ ဖြင့် အနိုင်ယူပြီး အုပ်စုတက်ဖို့ မျှော်လင့်ချက် ပြန်လည် ရှင်သန်ခဲ့ပါတယ်။

ဝက်ဒ်ရှမစ်ရဲ့ ဟက်ထရစ်နဲ့အတူ ဂျာမနီအသင်းဟာ ၆ ဂိုးပြတ် အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ၁၆ မိနစ်မှာပဲ ယခု ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ မာကို ရစ်ချာ ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့ပါတယ်။ 

မိနစ် ၃၀ မှာလည်း ရစ်ချာ ဖန်တီးပေးတဲ့ ဘောလုံးကို တိုက်စစ်မှူး ၀က်ဒ်ရှမစ်က အပိုင် ပိတ်သွင်းယူပြီး ဒုတိယ ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ၃၇ မိနစ်မှာ ၀က်ဒ်ရှမစ်ကပဲ တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းသွားခဲ့လို့ ပထမပိုင်း အပြီးမှာပဲ ဂျာမနီတို့ ၃-၀ ဖြင့် အနိုင် ရနေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာလည်း ဂျာမနီတို့ ပွဲကို စိုးမိုးထားခဲ့ပြီး ၆၉ မိနစ်မှာ ဒါဟုဒ်က အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုး ထပ်မံ သွင်းယူသွားခဲ့ပါတယ်။ မိနစ် ၈၀ မှာလည်း ဒါဟုဒ်ရဲ့ ပေးပို့မှုကို ၀က်ဒ်ရှမစ်က အပိုင် ကန်သွင်းယူခဲ့ပြီး သူ့ရဲ့ ဟက်ထရစ်ဂိုးကို ရယူခဲ့ပါတယ်။

၈၅ မိနစ်မှာတော့ ဆားဘီယားတို့ ပင်နယ်တီ ရရှိခဲ့ပြီး ဇီဗီ ကိုဗစ်က အပိုင် ကန်သွင်းယူကာ နှစ်သိမ့် ချေပဂိုးတစ်ဂိုးကို ရယူပေးခဲ့ပါတယ်။ မိနစ် ၉၀ မှာ အာနေး မိုင်ယာက ဂျာမနီအတွက် ၆ ဂိုးမြောက် သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။

အခြား ပွဲစဉ်မှာတော့ ဒိန်းမတ် အသင်းက သြစတြီးယား အသင်းကို ၃-၁ ဖြင့် အနိုင်ယူပြီး ဒီပြိုင်ပွဲရဲ့ ပထမဆုံး နိုင်ပွဲကို ရှာဖွေ သွားခဲ့ပါတယ်။ ပထမပိုင်း ၃၃ မိနစ်မှာ မီလီက တစ်ကိုယ်တော် အစွမ်းနဲ့ ထိုးဖောက် ကန်သွင်းခဲ့ပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ 

၄၇ မိနစ်မှာ လီယန်ဟတ်က သြစတြီးယား အသင်းအတွက် ချေပဂိုး ပြန်လည် ရယူပေးခဲ့ပါတယ်။ ၇၃ မိနစ်မှာ သြစတြီးယား အသင်း ပင်နယ်တီ ရရှိခဲ့ပေမယ့် ဒိန်းမတ် ဂိုးသမား အိုင်ဗာဆင် အကောင်းဆုံး ကာကွယ် သွားခဲ့ပါတယ်။

၇၇ မိနစ်မှာ မီလီကပဲ ဒိန်းမတ်အတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူ ပေးသွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ စကော့ဗ် အိုလ်ဆင်က တတိယ ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့လို့ ဒိန်းမတ်တို့ ဒီပြိုင်ပွဲရဲ့ ပထမဆုံး နိုင်ပွဲကို ရရှိ သွားခဲ့ပါတယ်။

#ဆာဘီးယား