ရှေ့သို့
Image

တစ်ဦးချင်း ထူးချွန်ဆုတွေမှာ စီးတီးကစားသမားတွေ ငြင်းဆန်ခံနေရခြင်းအပေါ် ဘာနာဒို ရင်ဖွင့်

10:19 AM, 4 September

စီးတီးအသင်း ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းလိုက် ဆုဖလားတွေ မရရှိမှာကို ပိုမိုစိုးရိမ်မိပေမယ့် အကောင်းဆုံးဆုတွေအတွက် စီးတီးအသင်းသားတွေ ငြင်းဆန်ခံနေရခြင်းက အသင်းရဲ့အ၀တ်လဲခန်းအတွင်း ပြောစရာတစ်ခု ဖြစ်နေကြောင်း ဆိုပါတယ်။ စီးတီးအသင်းသားတွေဟာ ယူအီးအက်ဖ်အေနဲ့ ဖီဖာအကောင်းဆုံးဆုတွေမှာ အမြဲတမ်းနီးပါး ချန်လှပ်ခံနေရခြင်းက မမျှတဘူးလို့ ခံစားနေရကြောင်း ဘာနာဒိုက ပြောပါတယ်။

ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ စီးတီးကိုယ်စားပြုဆိုလို့ စတာလင် တစ်ဦးတည်းပါဝင်ခဲ့ပြီး သူကလည်း အဆင့် ၁၀ သာရရှိခဲ့ကာ လီဗာပူးမှာ အကောင်းဆုံးဆု ရရှိသွားတဲ့ ဗန်ဒိုက်အပြင် နောက်ထပ် ကစားသမား ၃ ဦးအထိ ပါဝင် ခွင့်ရရှိခဲ့ပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဖလား အားလုံးရယူနိုင်ခဲ့ပြီး စံချိန်တွေ ပိုမိုတင်ခဲ့ပေမယ့် ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ၁၀ ဦး စာရင်းမှာ တစ်ယောက်မှ ပါဝင်မလာဘဲ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ရောက်သွားတဲ့ ချဲလ်ဆီးတောင်ပံ ကစားသမားဟောင်း ဟာဇက်တို့ ပါဝင်လာပါတယ်။

စီးတီးကြယ်ပွင့် ဘာနာဒိုကတော့ ဒီလိုငြင်းဆန်ခံရတာက မတရားဘူးလို့ ယူဆနေပါတယ်။ '' တစ်ဦးချင်း ဆုတံဆိပ်တွေထက် အသင်းလိုက် ဆုဖလားတွေရရှိဖို့က အမြဲတမ်း ပိုအရေးကြီးပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ဆုတွေအတွက် ဆန်ခါတင်စာရင်းမှာ ကျွန်တော်တို့အသင်း ငြင်းဆန်ခံနေရတာတွေက အသင်းရဲ့အ၀တ်လဲခန်းအတွင်း ပြောစရာ အကြောင်းကိစ္စ တစ်ခုဖြစ်နေပြီး မမျှတဘူးလို့လည်း အသင်းသားတွေ ခံစားနေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ ကျွန်တော်တို့အသင်းဟာ ချန်ပီယံဆု ၄ ခုရရှိခဲ့ပြီး ကျွန်တော်ဆိုရင် နေးရှင်းလိဂ် ချန်ပီယံဆုတောင် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆန်ခါတင် စာရင်းမှာတော့ အဲဒီကစားသမားတွေ ပါဝင်မလာပါဘူး''လို့ ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။

#မန်စီးတီး #ဖီဖာ #ဘာနာဒို