ရှေ့သို့
Image

ဥရုဂွေးအသင်း ကမ္ဘာ့ဖလားမှ ထွက်ခွာရခြင်း အပေါ် ဆွာရက်ဇ်ရဲ့ ပြောကြားချက်

5:34 PM, 4 December

လူးဝစ်ဆွာရက်ဇ်က သူ့ရဲ့ ဥရုဂွေးအသင်း ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရတဲ့ အပေါ် ပြင်းပြင်းထန်ထန်ပြောကြားမှု ပြုလုပ်လိုက်ပါတယ်။ ဥရုဂွေးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ် ဂါနာအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း တောင်ကိုရီးယားအသင်းက ပေါ်တူဂီအသင်းကိုနိုင်ပွဲရခဲ့တဲ့အတွက် သွင်းဂိုးကွာခြားချက်နဲ့ ဥရုဂွေးတို့ အုပ်စု အဆင့်က ထွက်ခွာခဲ့ရပါတယ်။ 


ဆွာရက်ဇ်ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ ကမ္ဘာ့ဖလားမှ နှုတ်ထွက်ခဲ့ရတာနဲ့ ပတ်သက်လို့ 


"ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတဲ့ အတွက် အရမ်းပဲ နာကျင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ နိုင်ငံ အတွက် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း ကျေနပ်မိပါတယ်။ သူတို့တွေရဲ့ လေးစားမှုကို မရခဲ့သော်လည်းပဲ ဥရုဂွေးနိုင်ငံသား ဖြစ်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ 

ကျွန်တော်တို့ကို အားပေးကြတဲ့ ကမ္ဘာ့တဝှမ်းက ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ "လို့ ရေးသားခဲ့ပါတယ်။ 


Teledoce ဆိုတဲ့ ဥရုဂွေး တီဗီလိုင်းမှာတော့ 


"ကျွန်တော် ဝမ်းလည်းနည်းသလို စိတ်လည်း ပျက်မိပါတယ်။ ကျွန်တော်သားဟာ ကွင်းထဲကနေ ဝမ်းနည်းငိုကြွေးပြီး ထွက်ခွာခဲ့ရပါတယ်။ ဒါက ဖခင်တစ်ယောက် အတွက် ခက်ခဲရပါတယ်။ "


လို့ဆွာရက်ဇ်က ဆိုပါတယ်။ ထို့အပြင် ဂါနာနဲ့ပွဲမှာ ပင်နယ်တီပြစ်ဒဏ်ဘောကို ခွင့် မပြုခဲ့တဲ့အတွက် ဆွာရက်ဇ်ဟာ ဖီဖာနဲ့ ဒိုင်လူကြီးတွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။ 


"ကာဗာနီကို ပြစ်ဒဏ်ဘောကျူးလွန်လိုက်တာက အသိသာကြီးပါ။ တဖက်နောက်ခံလူက သူ့ရှေ့မှာ ဝင်ဖျတ်ထုတ်လိုက်တာလေ။ ဒါဝင်ရဲ့ အလုံးလည်း အရှင်းကြီးပဲလေ။ သူတို့မှာ ဆင်ခြေမရှိပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာ အရမ်းအံ့ဩစရာကောင်းတဲ့ ပင်နယ်တီတွေ ရနေတယ်လေ။ ပြီးတော့ ဒိုင်လူကြီးကော်မတီနဲ့ ဖီဖာက ရှိပါတယ်။ သူတို့ အနည်းဆုံးတော့ သူတို့ ပြန်လည်ရှင်းပြသင့်ပါတယ်။ "


လို့ဆွာရက်ဇ်က ဆိုပါတယ်။ ထို့အပြင်ဆွာရက်ဟာ သူ့ရဲ့ ဇနီးသည်နဲ့ ကလေးကို ကွင်းအတွင်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဖီဖာက တားမြစ်ခဲ့ပါတယ်။ 


"ကျွန်တော် ပြင်သစ် ကစားသမားတစ်ယောက်က သူ့ကလေးတွေနဲ့ အရန်ခုံမှာ ရှိနေတာကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေက ဥရုဂွေးအသင်းကျမှ ပြဿနာဖြစ်နေတာလား။ ကျွန်တော်ထင်တာက ကျွန်တော်တို့မှာလည်း ဩဇာရှိတဲ့ မီဒီယာလိုအပ်နေတယ်လို့ ထင်ပါတယ်။ ဒါမှလည်း ကလေးတွေကို ကျွန်တော်ခေါ်လို့ ရမှာလေ။ ဒါပေမယ့်ဗျာ အဲ့ဒီမှာ ဖီဖာရှိနေတာပဲလေ။ "လို့ ဆွာရက်ဇ်က ဆိုပါတယ်။ 


အုပ်စု H ကနေ အုပ်စု အဆင့် ၁ နဲ့ အုပ်စုတက်ခဲ့တဲ့ ပေါ်တူဂီကတော့ ရှုံးထွက်အဆင့်မှာ ဆွစ်စလန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အုပ်စုဒုတိယ တောင်ကိုရီးယားအသင်းကတော့ ဘရာဇီး အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ 

#ဆွာရက်ဇ် #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား