ရှေ့သို့
Image

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကြီးအီတလီကိုကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့တဲ့ ဥရုဂွေး

9:56 AM, 12 June

ဒီနေ့မနက်ပိုင်း၊ ယူ-၂၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးမှာ တောင်အမေရိကတိုက်ကိုယ်စားပြု ဥရုဂွေးအသင်းက ဥရောပတိုက်ကိုယ်စားပြု အီတလီအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ကစားပြီး ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် နောက်ဆုံးလေးကြိမ်ဆက် ဥရောပတိုက်ကိုယ်စားပြုအသင်းတွေ ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံဆုသိမ်းပိုက်ထားမှုကို ရပ်တန့်လိုက်နိုင်ပါတယ်။

အခုပွဲစဉ်ကို အာဂျင်တီးနားနိုင်ငံ၊ မာရာဒိုနာဘောလုံးကွင်းကြီးအတွင်း ကျင်းပခဲ့ရာ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုအပါအဝင် ပရိသတ် ၄၀,၀၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ဥရုဂွေးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၈၆ မိနစ်မှာ ကွင်းလယ်လူရိုဒရီဂွတ်ဇ်က ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ခံစစ်ပိုင်းမာကျောတဲ့ ဥရုဂွေးအသင်းက အခုပြိုင်ပွဲကာလတလျှောက် အင်္ဂလန်အသင်းနဲ့ရင်ဆိုင်ရတဲ့ အုပ်စုပွဲစဉ်အတွင်း ပေးဂိုးသုံးဂိုးကိုသာ ခွင့်ပြုပေးခဲ့ရပြီး ဗိုလ်လုပွဲအပါအဝင် ကျန်ပွဲစဉ်တွေမှာ ပေးဂိုးမရှိခဲ့ပါဘူး။

ဝမ်းသာမျက်ရည်တွေနဲ့ပြည့်လျှံနေတဲ့ ဥရုဂွေးကွင်းလယ်လူရိုဒရီဂွတ်ဇ်က “ တကယ့်ကို ရူးလောက်စရာ၊ ရူးသွပ်ချင်စရာပါပဲ။ ကျွန်တော်တို့အသင်းက ဒီအောင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့တွေ အိပ်မက်တစ်ခုနဲ့ ရှင်သန်နေပါတယ်”လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အခုပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ရွှေဖိနပ်ဆုရရှိခဲ့တဲ့ အီတလီတိုက်စစ်မှူးကာဆာဒေးက ဥရုဂွေးနဲ့ရင်ဆိုင်ရတဲ့ ဗိုလ်လုပွဲမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အီတလီအသင်းနည်းပြကာမိုင်းနူဇီယာတာကလည်း ဥရုဂွေးအသင်းရဲ့အောင်ပွဲကို အသိအမှတ်ပြုခဲ့ပေမယ့် ညံ့ဖျင်းလှတဲ့ဘောလုံးကွင်းအခြေအနေကြောင့် သူ့ရဲ့အသင်းထိခိုက်ခံစားခဲ့ရတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ကွင်းရဲ့အခြေအနေက စကေးပိုကောင်းတဲ့ကစားသမားတွေကို ဒုက္ခပေးခဲ့ပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲတလျှောက် မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ အခုပွဲစဉ်တစ်ခုတည်းနဲ့တော့ ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့အရာတွေကို မေ့ပျောက်လိုက်လို့ မရပါဘူး။ ကစားခဲ့ရတဲ့ပွဲစဉ်တိုင်းကလည်း မလွယ်ကူခဲ့ပါဘူး။ ဒီနေ့ပွဲစဉ်မှာတော့ ပြိုင်ဘက်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်”လို့ ကာမိုင်းနူဇီယာတာက ပြောပါတယ်။

တတိယနေရာလုပွဲမှာတော့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ အစ္စရေးက တောင်ကိုရီးယားကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

#အီတလီ #ဥရုဂွေး