ရှေ့သို့
Image

ပေါင်တစ်သန်းကျော်တန် Ferrari ကားအပါအဝင် အံ့ဖွယ်အမိုက်စား မော်တော်ကားတွေ ပိုင်ဆိုင်ထားတဲ့ ဆွန်ဟောင်မင်

4:32 PM, 13 July

တောင်ကိုရီးယားစတား ဆွန်ဟောင်မင်က ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကားအမျိုးအစားတွေအနက် တစ်စီးကိုသာ ဝယ်ယူထားတတ်တဲ့ ဘောလုံးသမားမျိုးတော့ မဟုတ်ပါဘူး။

အသက်-၃၀ နှစ်အရွယ် တော့တင်ဟမ်ကြယ်ပွင့်က ရိုးရိုးသားသားနှိမ့်နှိမ့်ချချနေတက်ပြီး ဘောလုံးကစားနေရရင် အမြဲတမ်းပျော်ရွှင်နေတက်သူမျိုးပါ။ ဒါပေမယ့် သီတင်းတစ်ပတ်လုပ်ခလစာ ပေါင် ၁၉၂,၀၀၀ ရရှိနေတဲ့ တိုက်စစ်မှူးမှာ ပေါင် ၁ ဒသမ ၅ သန်း တန်ကြေးရှိ အံ့ဖွယ်မော်တော်ကားတွေ ပိုင်ဆိုင်ထားပါတယ်။ လန်ဒန်မြို့မြောက်ပိုင်းရှိ သူ့ရဲ့ကားဂိုဒေါင်ထဲမှာ လူအနည်းငယ်သာပိုင်ဆိုင်ခွင့်ရှိတဲ့ ရှားပါးစူပါမော်တော်ကား တစ်စီးလည်း ရှိနေပါတယ်။

Ferrari LaFerrari
-------------------
ဒီမော်တော်ကားအမျိုးအစားကို တစ်ကမ္ဘာလုံးအတွက် ၄၉၉ စီးသာ ထုတ်လုပ်ထားပြီး ဆွန်ဟောင်မင်ကလည်း တစ်စီး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်က ပုံမှန်သုံးစွဲနေကျ အနီရောင်ကို စွန့်လွှတ်ပြီး အနက်ရောင်ကိုပဲ ရွေးချယ်စီးနင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မဟာပြိုင်ဘက် အာဆင်နယ်ကြောင့် အနီရောင် Ferrari ကို မပိုင်ဆိုင်သင့်ဘူးလို့ တော့တင်ဟမ်အသင်းအကြီးအကဲတွေက သူ့ကို တိုက်တွန်းထားလို့ အခုလို ဆုံးဖြတ်ခဲ့တာပါ။ ပေါင် ၁ ဒဿမ ၁ သန်းကျော်တန်ကြေးရှိ ဒီလိုကားမျိုးတွေကို ဝယ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ကစားသမားတစ်ဦး ဖြစ်နေရင်တောင် အချိန်ကာလတစ်ခုတိုင် ငွေကြေးစုဆောင်းရပါလိမ့်မယ်။ ဒီလိုတန်ကြေးမြင့်စူပါမော်တော်ကားအမျိုးအစားကို အီတလီနိုင်ငံအခြေစိုက်ကုမ္ပဏီမှထုတ်လုပ်ထားပြီး ဝယ်ယူစီးနင်းလိုသူတွေအနေနဲ့ Ferrari အမှတ်တံဆိပ်နဲ့ ရင်းနှီးကျွမ်းဝင်နေသူ ဖြစ်ရပါလိမ့်မယ်။ ဆိုလိုတာကတော့ ဒီကားအမျိုးအစားကို ဝယ်ယူချင်သူအနေနဲ့ အတိတ်ကာလမှာ Ferrari အမှတ်တံဆိပ် မော်တော်ကားကို ပိုင်ဆိုင်ဖူးရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အချို့သတင်းတွေရဲ့အဆိုအရ Ferrari မော်တော်ကားငါးစီးလောက် မပိုင်ဆိုင်ဖူးဘူးဆိုရင် ဒီကားအမျိုးအစားကို ဝယ်ယူခွင့်ရှိသူစာရင်းထဲမှာ ထည့်သွင်းစဉ်းစားခံရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဆွန်ဟောင်မင်ရဲ့ အနက်ရောင် Ferrari LaFerrari အံ့ဖွယ်မော်တော်ကားမှာ ၆ ဒဿမ ၃ လီတာ V 12 အင်ဂျင်တပ်ဆင်ထားပြီး ၂ ဒသမ ၉ စက္ကန့်မှာပဲ တစ်နာရီ မိုင် ၆၀ အထိ လုပ်အားနှုန်းရှိပါတယ်။ ဒါကြောင့်ပဲ ဒီကားက အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၂၂၇ မိုင်နဲ့အတူ အင်ဂျင်ပါဝါ ၉၅၀ bhp အထိ ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ အူဘာမီယန်းရဲ့ ကားဂိုဒေါင်မှာလည်း ဒီလိုကားအမျိုးအစားတစ်စီးကို တွေ့မြင်ကြရပါလိမ့်မယ်။

Audi R8 Coupe
------------------
၂၀၁၄ ခုနှစ်မှာ တောင်ကိုရီးယားကြယ်ပွင့်ကို သူ့ရဲ့ချစ်သူဟောင်း၊ ကေပေါ့အဆိုတော် မီနာနဲ့အတူ အဖြူရောင် Audi R8 မော်တော်ကားအနီးမှာ မြင်တွေ့ခဲ့ရပါတယ်။
ပေါင် ၁၁၂,၅၂၀ နဲ့စတင်ရောင်းချတဲ့ ဒီကားအမျိုးအစားကို ဆွန်ဟောင်မင်က သူ့ရဲ့မော်တော်ကားဂိုဒေါင်မှာ သိမ်းဆည်းထားမယ်ဆိုတာ သေချာသလောက်ပါပဲ။ ၅ ဒသမ ၂ လီတာ V10 အင်ဂျင်အမျိုးအစားတပ်ဆင်ထားလို့ Audi R8 က ၃ ဒဿမ ၂ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ နှုန်းအထိ မြန်နှုန်း ရှိနေပါတယ်။

Maserati Levante
--------------------
ဆွန်ဟောင်မင်က ပေါင် ၆၀,၀၀၀ နဲ့ စတင်ထုတ်လုပ်ရောင်းချတဲ့ Maserati ရဲ့ ပထမဆုံးမျိုးဆက် SUV ကားကို ပိုင်ဆိုင်သူတွေထဲမှာ တစ်ဦးအဖြစ် ဂုဏ်ယူဖွယ် ပါဝင်နေပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မြှုပ်ကွက်တစ်ခုတော့ ရှိပါတယ်။ ဆွန်ဟောင်မင်က အမိမြေမှာ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်တာကြောင့် အီတလီမော်တော်ကားကုမ္ပဏီက သူ့ကို လက်ဆောင်အဖြစ် အခုမော်တော်ကားအမျိုးအစားကို ပေးအပ်ခဲ့လို့ပါ။

တောင်ကိုရီးယားနိုင်ငံရဲ့ Maserati မော်တော်ကားတရားဝင်တင်သွင်းသူက “လေဗာကူဆင်ကစားသမားဟောင်းဟာ သိမ်မွေ့နူးညံ့စွာဖြင့် မရပ်တန့်နိုင်တဲ့ ပေါက်ကွဲအားတွေနဲ့အတူ ဘောလုံးကစားလေ့ရှိတာကြောင့် ဒီကားနဲ့ လိုက်ဖက်ညီနေတဲ့အတွက် အခုလို လက်ဆောင်ပေးတာဖြစ်တယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီအချက်ကိုတော့ ငြင်းဆန်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် Maserati Levante က ဆွန်ဟောင်မင်ပိုင်ဆိုင်တဲ့ တစ်စီးတည်းသော SUV အမျိုးအစား မော်တော်ကား မဟုတ်ပါဘူး။


Range Rover
---------------
ပရီးမီးယားလိဂ်ဘောလုံးသမားတွေရဲ့ အဓိကဖက်ရှင်ဖြစ်တဲ့ Range Rover မော်တော်ကားစီးနင်းမှုအခွင့်အရေးကိုလည်း ဆွန်ဟောင်မင်က လက်လွှတ်မခံခဲ့ပါဘူး။ တောင်ကိုရီးယားစတားက သူ့ရဲ့ Range Rover ကားကို ငွေမှင်ရောင်သန်းနေတဲ့ အနက်ရောင်နဲ့ လွှမ်းခြုံထားပြီး ဂုဏ်ယူစွာ စီးနင်းနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒီကားအမျိုးအစားကို ပေါင် ၃၁,၀၀၀ ဝန်းကျင်မှစတင်ကာ ရောင်းချပေးနေပါတယ်။ ဆွန်ဟောင်မင်ရဲ့ကားမှာတော့ အနီရောင်စတီယာရင်လက်ကိုင်နဲ့ အနီရောင်ထိုင်ခုံတွေကို တပ်ဆင်ထားတာကြောင့် ကုန်ကျစရိတ်ပိုမိုများပြားနိုင်ဖွယ် ရှိပါတယ်။

Bentley Continental GT
---------------------------
ဘောလုံးသမားတွေရဲ့ နောက်ထပ်အသဲစွဲဖြစ်တဲ့ Bentley Continental GT စူပါမော်တော်ကားအတွက်လည်း ဆွန်ဟောင်မင်က ပေါင် ၁၆၀,၀၀၀ ဝန်းကျင် အကုန်အကျခံဖို့ ဝန်မလေးခဲ့ပါဘူး။ ဒီကားအမျိုးအစားကလည်း ၆ လီတာ နှစ်လုံးထိုး V12 အင်ဂျင်အမျိုးအစားတပ်ဆင်ထားလို့ ၄ ဒဿမ ၃ စက္ကန့်မှာပင် မိုင် ၆၀ အထိ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ အမြင့်ဆုံးမြန်နှုန်းကလည်း တစ်နာရီ ၁၉၈ မိုင်အထိ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ဆွန်ဟောင်မင်အတွက် လေ့ကျင့်ရေးကွင်းဆီ အချိန်မီရောက်ဖို့ လိုအပ်နေတဲ့ နေ့ရက်တွေမှာ အဆင်ပြေစေမယ့် မော်တော်ကားပဲဖြစ်ပါတယ်။                                                                                                                                                                                                                                                                                                                                                                                                                                                        

#အယ်ဒီတာအကြိုက် #ဆွန်ဟောင်မင် #တောင်ကိုရီးယား