ရှေ့သို့
Image

ဗီယက်နမ်ကို အနိုင်ရပြီးနောက် ဒဏ်ရာပြဿနာစိုးရိမ်မှုတွေအပေါ် တုံ့ပြန်လာတဲ့ ဆွန်ဟောင်မင်

4:46 PM, 18 October

တော့တင်ဟမ်ဘက်မှ ဒဏ်ရာပြဿနာစိုးရိမ်မှုတွေ ရှိနေခဲ့ပေမယ့် ဆွန်ဟောင်မင်ကတော့ ယမန်နေ့၊ ဗီယက်နမ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ တောင်ကိုရီးယားအသင်းရဲ့ခြေစမ်းပွဲစဉ်ကို ပါဝင်ကစားဖို့ ဆန္ဒရှိခဲ့တယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

အသက်-၃၁ နှစ်အရွယ် ကစားသမားက ပြီးခဲ့တဲ့သောကြာနေ့၊ တူနီးရှားကို လေးဂိုးပြတ် အနိုင်ရတဲ့ တောင်ကိုရီးယားရဲ့ပွဲစဉ်ကို အရန်ခုံတန်းပေါ်မှာသာ ဖြတ်သန်းခဲ့ရပေမယ့် ယမန်နေ့၊ ဆူဝမ်မြို့မှာ ဗီယက်နမ်ကို ခြောက်ဂိုးပြတ်အနိုင်ရရှိတဲ့ ပွဲစဉ်ကိုတော့ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့၊ နိုင်ငံတကာပွဲစဉ်အပြီး ဆွန်ဟောင်မင်မှာ ပေါင်ခြံဒဏ်ရာပြဿနာတစ်ခုရှိနေလို့ ကုသပေးနေရကြောင်း တောင်ကိုရီးယားအသင်း ဆေးအဖွဲ့က ထုတ်ပြောခဲ့ပါတယ်။ ဒါ့အပြင် ဗီယက်နမ်နဲ့ ကစားရတဲ့ပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်း မိနစ်တွေမှာ ကွင်းတွင်းရှိ တော့တင်ဟမ်ကပ္ပတိန်ရဲ့မျက်နှာပေါ် မသက်မသာဖြစ်နေတဲ့ လက္ခဏာတွေ ပြသခဲ့ပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားနည်းပြကလင်းစမန်းကတော့ တိုက်စစ်မှူးရဲ့ဒဏ်ရာဟာ ပိုမိုဆိုးရွားလာတာမျိုးမရှိဘူးလို့ အခိုင်အမာပြောဆိုပြီးနောက် ဆွန်ဟောင်မင်ကို ဆက်လက်ကစားစေခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့နိုင်ပွဲ အပြီး သူ့ရဲ့ဒဏ်ရာအခြေအနေအကြောင်းမေးမြန်းချိန်မှာ ဆွန်ဟောင်မင်က “ဒဏ်ရာဆိုတာ ဘောလုံးသမားတစ်ယောက်အဖြစ် နေထိုင်မှုအတွက် မလွဲဧကန်ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော်လည်း ဒီနေ့ပွဲစဉ်ကို ကစားနိုင်ပါ့မလားဆိုပြီး စိတ်ပူပန်ခဲ့ပါတယ်။ ဒါပေမယ့် ကိုရီးယားအထိ လာခဲ့ပြီးမှ ပရိသတ်တွေရှေ့မှောက် မကစားရဘူးဆိုတဲ့အခြေအနေကို ကျွန်တော် လက်သင့်မခံနိုင်ပါဘူး။ ကျွန်တော်လည်း နည်းပြနဲ့ဆွေးနွေးပြီး ပါဝင်ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်က အသင်းနဲ့အတူ လေ့ကျင့်ခန်း အများကြီးမလုပ်နိုင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အပေါ် လေးစားပေးလို့ နည်းပြကို ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ဆွန်ဟောင်မင်ကို ပွဲအတွင်းမှာ ဆက်ရှိစေဖို့ ဆုံးဖြတ်ခဲ့မှုနဲ့ပတ်သက်လို့ နည်းပြကလင်းစမန်းက “မူလအစီအစဉ်ကိုယ်တိုင်က မိနစ်ကိုးဆယ်အပြည့် ကစားစေဖို့ပါပဲ။ ကြွက်သားဒဏ်ရာလည်း ပြန်မပေါ်လာခဲ့သလို မိနစ် ၆၀ လောက်မှာ စစ်ဆေးကြည့်တော့လည်း ပြဿနာမရှိခဲ့လို့ပါ”လို့ ရှင်းပြပါတယ်။

လက်ရှိမှာ ဆွန်ဟောင်မင်က ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့် တော့တင်ဟမ်အသင်းရဲ့ ပွဲစဉ်မတိုင်ခင် လန်ဒန်မြို့ဆီ ပြန်လည်ထွက်ခွာသွားပါလိမ့်မယ်။

#ဆွန်ဟောင်မင် #ဗီယက်နမ် #တောင်ကိုရီးယား