ရှေ့သို့
Image

ဂရင်းဝုဒ်ဟာ ဂီတာဖေးမှာ နောက်ထပ်တစ်နှစ် ဆက်နေလိုတယ်လို့ အသင်းဥက္ကဌပြောကြား

2:31 PM, 24 February

ဂီတာဖေးအသင်းဥက္ကဌ အိန်ဂျယ်တောရက်စ်က မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူးမေဆင်ဂရင်းဝုဒ်ဟာ အသင်းမှာ နောက်ထပ်တစ်နှစ်ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ပြောကြားလာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ဇန်နဝါရီလမှာ မုဒိန်းကျင့်ရန်ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ စုံစမ်းစစ်ဆေးမှုတွေ ခံယူပြီးနောက်မှာတော့ ဘောလုံးကစားခွင့်ပြန်လည်ရရှိခဲ့ပါတယ်။ သို့သော် ယူနိုက်တက်က အသက်-၂၂ နှစ်အရွယ် ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ခက်ခဲတဲ့အခြေအနေနဲ့ ကြုံ‌တွေ့ခဲ့ရတာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ဂီတာဖေးသို့အငှားနဲ့စေလွှတ်ခဲ့ရပါတယ်။

ဂီတာဖေးသို့ရောက်ရှိလာပြီးနောက် ခြေစွမ်းကောင်းကို တောက်လျှောက်ပြသထားနိုင်တဲ့ဂရင်းဝု‌ဒ်ဟာ လက်ရှိအချိန်မှာစပိန်ကလပ်အတွက် ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။ ယခု‌သီတင်းပတ်အစောပိုင်းက ယူနိုက်တက်ရဲ့တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်က ဂရင်းဝုဒ်ပြန်လာနိုင်တဲ့အလားအလာတွေကို အရိပ်အမြွက်ပြောကြားခဲ့ပေမယ့် ဂီတာဖေးဥက္ကဌ တောရက်စ်ကတော့ ကစားသမားကို သက်တမ်းတိုးနိုင်မယ်လို့ ‌ယုံကြည်နေတာဖြစ်ပါတယ်။

တော့ရက်စ်က "ပရိသတ်တွေက ဂရင်းဝုဒ်ကြုံ‌တွေ့ခဲ့တဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းတွေ‌မေးကြပေမယ့် ကျွန်တော်တို့ ဒါကိုဖြေရှင်းနိုင်ခဲ့ပြီး ရှေ့ဆက်သွားနိုင်ခဲ့ပါတယ်။ သူအခုအသင်းမှာ သက်တောင့်သက်သာဖြစ်နေပြီး နောက်ထပ်တစ်နှစ်ထပ်နေဖို့ စိတ်အားထက်သန်နေပါတယ်" "ကျန်တာကတော့ ယူနိုက်တက်က ဆုံးဖြတ်သွားရမှာဖြစ်ပြီး ကစားသမားကိုပိုင်ဆိုင်တာက သူတို့ပါ။ စပိန်မှာဆိုရင် ကစားသမားက တန်ကြေးမြင့်ပါတယ်။ ဘာစီလိုနာကလည်း ကစားသမားကိုခေါ်ဖို့ ပိုက်ဆံအလုံအလောက်ရှိပါတယ်။ သူတို့ရဲ့ကစားပုံနဲ့လည်း ဂရင်းဝုဒ်ကလိုက်ဖက်မှုရှိပါတယ်။ ဒါကလည်း ယူနိုက်တက်အပေါ်မှာပဲမူတည်ပါတယ်" "ဂရင်းဝုဒ်က ကျွန်တော်တို့အတွက်ကစားပေးဖို့ရည်မှန်းထားပါတယ်။ သူအသင်းကနေထွက်မယ်လို့ ကျွန်တော်တို့ကို သတင်းမပို့သေးပါဘူး။ ကျွန်တော် ဒီကိစ္စကို ဖလော်ရန်တီနို(ပီရက်ဇ် ရီးရဲလ်မက်ဒရစ်ဥက္ကဌ) နဲ့ဆွေးနွေးမှုမပြုလုပ်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးစရာလည်းမရှိလို့ပါ" လို့ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ဂီတာဖေး #ဂရင်းဝုဒ်