ရှေ့သို့
Image

ဘာပေရဲ့အိုလံပစ်အစီအစဉ်ကို အတည်ပြုလိုက်တဲ့ ပြင်သစ်သမ္မတ

8:39 AM, 7 May

ပြင်သစ်သမ္မတ မက်ခရွန်က အခုနွေရာသီမှာ ဘာပေတစ်ယောက် အိုလံပစ်ပွဲကစားပေးဖို့ မျှော်လင့်နေဆဲလို့ အတည်ပြုလိုက်ပါတယ်။ ဘာပေဟာ အခုနွေရာသီမှာ ပီအက်စ်ဂျီကနေ ရီးရဲလ်အသင်းထံ ပြောင်းရေ့ွှ့တော့မယ်လို့ သတင်းတွေကျယ်လောင်စွာ ထွက်ပေါ်နေပေမယ့် ဆွေးနွေးမှုတွေက ရှုပ်ထွေးနေဆဲလို့ သိရပါတယ်။

သတင်းတွေအရ ဘာပေဟာ အခုနွေရာသီမှာ အိုလံပစ်ပြိုင်ပွဲကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ မက်ဒရစ်ကတော့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ထံ သူတို့အသင်းရဲ့ ဘယ်ကစားသမားမှ မလွှတ်ဘူးလို့ အသိပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲ့တာကလည်း ဖီဖာရဲ့တရားဝင်အသိအမှတ်ပြုထားတာတော့မဟုတ်ပဲ အသင်းတွေဘက်က တွန်းအားပေးစေလွှတ်လို့လည်းမရတာဖြစ်ပါတယ်။ မက်ခရွန်ရဲ့အဆိုအရ ဘာပေဟာ နွေရာသီမှာ အိုလံပစ်ပါဝင်ကစားဖို့ လက်မလျှော့သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

“ပြီးခဲ့တဲ့အပတ်က ကျွန်တော်ကွင်းထဲမှာ ဘာပေရဲ့အဖေနဲ့တွေ့ခဲ့ပါတယ်။ သူ့ကိုမေးခွန်းမေးခဲ့ပါတယ်။ ဘာပေကလည်း အိုလံပစ်ကန်ချင်တယ်လို့ သူကပြောပါတယ်။ ဥရောပကလပ်အသင်းအားလုံးက သူတို့ကစားသမားတွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ကျွန်တော်တကယ်မျှော်လင့်ပါတယ်။ ပြင်သစ်ကလပ်တွေအားလုံးလည်း လွတ်လပ်ခွင့်ပေးတာကြောင့် ကျွန်တော်ကျေနပ်မိပါတယ်။ အခြားအသင်းတွေလည်း အဲ့လိုလုပ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါက အိုလံပစ်စိတ်ဓာတ်ပါ”လို့ မက်ခရွန်က ပြောကြားခဲ့ပါတယ်။

မက်ဒရစ်ကတော့ ရာသီကြိုခရီးစဉ်အတွက် အသင်းကစားသမားတွေဒဏ်ရာရမှာကို မလိုလားဖြစ်နေပါတယ်။ အိုလံပစ်ပြိုင်ပွဲဖိုင်နယ်ကို သြဂုတ်လ ၉ ရက်နေ့မှာ ကန်မှာဖြစ်ပြီး လာလီဂါမစခင် ၇ ရက်အလိုမှာကန်မှာဖြစ်ပါတယ်။


အိုလံပစ်မှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေ အနေနဲ့ ရာသီကြိုခြေစမ်းပွဲကို လွဲချော်ဖို့များနေသလို ပြိုင်ပွဲက ပြန်လာချိန်မှာလည်း အနားပေးရဦးမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီကနေ ဘာပေ ထွက်ခွာမှုက အတည်မပြုသေးပေမယ့် အိုလံပစ်ကြောင့် တရားဝင်ကြေညာဖို့နောက်ကျဖွယ်ရှိနေပါတယ်။

#ပီအက်စ်ဂျီ #အမ်ဘာပေ