
ပေါ်တိုကို အနိုင်ယူပြီး အုပ်စုကျွတ်ဖို့ အခြေအနေကောင်းသွားတဲ့ မက်ဆီရဲ့အင်တာမိုင်ယာမီ
အင်တာမိုင်ယာမီ ၂-၁ ပေါ်တို (ပွဲပြီးရလဒ်)
အခုပွဲစဉ်မှာ နှစ်သင်းလုံးအတွက် အုပ်စုကျွတ်ဖို့ အတော်လေးအရေးပါနေလို့ ရေကုန်ရေခမ်း အားထုတ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပွဲစတင်လာချိန်မှာပဲ ဆာမူရဲ့ပယ်နယ်တီသွင်းဂိုးနဲ့ ပေါ်တိုတို့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး မက်ဆီရဲ့အင်တာမိုင်ယာမီ အခက်တွေ့နေခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းစတင်လာချိန်မှာပဲ အလှည့်အပြောင်းတွေ မြင်တွေ့လာရကာ အင်တာမိုင်ယာမီအတွက် ဆီဂိုဗီယာက ချေပဂိုး၊ မက်ဆီက ဖရီးကစ်မှတဆင့် ဦးဆောင်ဂိုးတို့ကို လှလှပပသွင်းယူခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာတော့ အင်တာမိုင်ယာမီက ပေါ်တိုရဲ့တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်ပြီး ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးအတွက် အရေးပါတဲ့နိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားခဲ့ပါတယ်။