ဖီးလစ်တစ်ယောက် ရှက်ဖီးမှာ အကောင်းဆုံးပုံစံပြန်ရဖို့ မျှော်လင့်ကြောင်း ဂွါဒီယိုလာပြောကြား
မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ဟာ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်အသက်သွင်းဖို့အတွက် အီတီဟတ်မှထွက်ခွာပြီး ရှက်ဖီးယူနိုက်တက်အသင်းဆီကို ရာသီဝက်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် တစ်ပွဲသာ ပါဝင်ကစားပေးခဲ့ရပြီး အဲဒီပွဲကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက ဟတ်ဒါဖီးလ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်ရဲ့ နောက်ဆုံး ၇ မိနစ်မှာ လူစားဝင်ကစားခဲ့ရတာပါ။ အခုအပြောင်းအရွှေ့အရ ဖီးလစ်ဟာ ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းမှာ ရာသီကုန်အထိ ကစားသွားမှာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့် ဒါမှမဟုတ် မဖြစ်မနေဝယ်ယူရမယ်ဆိုတဲ့ သဘောတူညီချက်မျိုး မပါဝင်ဘူးလို့ သိရပါတယ်။ လိဒ်ယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ မန်စီးတီးမှာ ပွဲကစားခွင့် အလွန်နည်းပါးခဲ့တာကြောင့် ကြံ့ခိုင်မှုအပြည့်အဝရရှိဖို့ အချိန်အနည်းငယ် ယူရဦးမှာဖြစ်ပေမဲ့ ဒီပြောင်းရွှေ့မှုကနေတစ်ဆင့် သူ့ရဲ့ခြေစွမ်းဟောင်းတွေကို ပြန်လည်ရရှိလာဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကလည်း ဖီးလစ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အားပေးစကား ပြောကြားခဲ့ကာ လူတိုင်းက သူ့ကို အကောင်းဆုံးပုံစံနဲ့ ပြန်မြင်တွေ့ချင်နေကြတယ်လို့ ဆိုပါတယ်။ "သူက ဒဏ်ရာရနေခဲ့လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပြန်လေ့ကျင့်နိုင်ခဲ့တာပါ။ သူ အကောင်းဆုံးပုံစံ ပြန်ရဖို့အတွက် ပွဲကစားခွင့်တွေ လိုအပ်နေပါတယ်" လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် "သူက လူကောင်းတစ်ယောက်ဖြစ်တာကြောင့် အားလုံးက သူ့ကို ကွင်းထဲပြန်ဝင်စေချင်နေကြသလို ခြေစွမ်းပြစေချင်နေကြပါတယ်။ သူက အဲဒီလိုခြေစွမ်းမျိုးနဲ့ ထိုက်တန်တဲ့သူပါ" လို့လည်း နည်းပြဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။ ဖီးလစ်ဟာ မန်စီးတီးမှာ ရှိစဉ်အတွင်း ပုခုံး၊ ဒူး၊ ခြေကျင်းဝတ်နဲ့ ပေါင်နောက်ကြောဒဏ်ရာတွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး ပွဲကစားခွင့်မရတာက သူ့အတွက် ပိုပြီးခက်ခဲစေခဲ့တာဖြစ်တယ်လို့ ဂွါဒီယိုလာက ထောက်ပြခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဖီးလစ်ဟာ အီတီဟတ်မှာ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ အကယ်၍ ရှက်ဖီးယူနိုက်တက်မှာ သူ့ရဲ့အငှားခရီးစဉ်က အောင်မြင်ခဲ့မယ်ဆိုရင်တော့ နွေရာသီမှာ သူ့ကို အပြီးသတ်ခေါ်ယူဖို့အတွက် ကလပ်အသင်းဘက်က ကြိုးစားလာဖွယ်ရှိနေတယ်လို့ သိရပါတယ်။