The network connection is lost.

Banner Image

ကာရာဘောင်ပြိုင်ပွဲရဲ့စည်းမျဉ်းတစ်ခုကြောင့် နယူးကာဆယ်နဲ့ပွဲစဉ်ကို လွဲချော်သွားမယ့် ဂူဟီ

မန်ချက်စတာစီးတီးအသင်းရဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ နောက်ခံလူသစ် မာ့ခ်ဂူဟီဟာ ဒီတစ်ပတ်မှာ ကစားမယ့် နယူးကာဆယ်နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပြိုင်ပွဲရဲ့စည်းမျဉ်းတစ်ခုကြောင့် ပါဝင်ကစားခွင့် ရရှိမှာမဟုတ်ဘူးလို့သိရပါတယ်။

မန်စီးတီးအသင်းဟာ ဂူဟီကို ပေါင် ၂၀ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လီဗာပူးအသင်းရဲ့ ပြင်းထန်တဲ့ စိတ်ဝင်စားမှုကို ကျော်ဖြတ်ပြီး အရခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကတည်းက လီဗာပူးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ် ဘုတ်အဖွဲ့က အပြောင်းအရွှေ့ကို ပယ်ချခဲ့တာကြောင့် အခုမှသာ အသင်းပြောင်းခွင့် ရခဲ့တာဖြစ်ပါတယ်။
ဂူဟီဟာ ပက်ဂွာဒီယိုလာရဲ့ အသင်းအတွက် ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် ပွဲထွက်ကစားထားပြီး ဝုဗ်နဲ့ပွဲမှာလည်း ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုလို နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမယ့် အရေးပါတဲ့ ရှုံးထွက်ပွဲစဉ်ကို လွဲချော်ရမှာက စပိန်လူမျိုးနည်းပြကြီးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်သတင်းတွေရဲ့ဖော်ပြချက်အရ ဂူဟီဟာ နယူးကာဆယ်နဲ့ မန်စီးတီးတို့ရဲ့ ပထမအကျော့ပွဲစဉ်ပြီးမှ အီတီဟတ်ကို ပြောင်းရွှေ့လာတာဖြစ်လို့ စည်းမျဉ်းအရ ဒုတိယအကျော့မှာ ပါဝင်ခွင့်မရှိတာလို့ သိရပါတယ်။

ကာရာဘောင်ပြိုင်ပွဲရဲ့ စည်းမျဉ်းမှာ ကစားသမားတစ်ဦးဟာ ဆောင်းရာသီ အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင် သို့မဟုတ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် မကစားခင်မှာ အသင်းပြောင်းရွှေ့မှု ပြီးမြောက်ခဲ့မှသာ အသင်းသစ်အတွက် ကစားခွင့်ရှိမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဂူဟီဟာ ဆီမီးဖိုင်နယ် ပထမအကျော့ပြီးမှ ရောက်ရှိလာတာကြောင့် ဒီရာသီရဲ့ ကာရာဘောင်ဖလား ဆီးမီးဖိုင်နယ်အဆင့်မှာ မန်စီးတီးအတွက် ဆက်လက်ကစားခွင့် မရတော့တာ ဖြစ်ပါတယ်။

ဂူဟီ မပါဝင်နိုင်တဲ့အတွက် ဂွာဒီယိုလာအနေနဲ့ ခူဆာနော့ဗ်နဲ့အတူ ဗဟိုနောက်ခံလူနေရာမှာ တွဲဖက်ဖို့ မက်စ်အယ်လင်း ဒါမှမဟုတ် နာသန်အကီကို ရွေးချယ်အသုံးပြုရတော့မှာ ဖြစ်ပါတယ်။