ရိုးမားသို့ပြောင်းရွှေ့ဖို့ ၂ ခါတောင်ပြန်မစဉ်းစားခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဇာရာဂိုဇာ
ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမား ဘရိုင်ယန် ဇာရာဂိုဇာကတော့ အီတလီကလပ် ရိုးမားအသင်းဆီကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ဂုဏ်ယူမိကြောင်းနဲ့ အီတလီကလပ်ထံပြောင်းရွှေ့ဖို့ ၂ ခါတောင်မစဉ်းစားခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
စပိန်လက်ရွေးစင် ဇာရာဂိုဇာဟာ အပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်တဲ့ တနင်္လာနေ့မှာ ရိုးမားအသင်းဆီကို အံ့အားသင့်ဖွယ် အလျင်အမြန် ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ ယခုရာသီ ပထမရာသီဝက်ကာလကို ဆယ်လ်တာဗီဂိုအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီးနောက် အခုအခါမှာတော့ ရိုးမားအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ လာရောက်ပူးပေါင်းခဲ့တာပါ။
အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဇာရာဂိုဇာက ရိုးမားအသင်းရဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် အခုလိုပဲ ပြောကြားခဲ့ပါတယ်။ "အရာအားလုံးက ရုတ်တရက်ကြီး ဖြစ်သွားတာပါ။ တစ်ရက်နှစ်ရက်အတွင်းမှာပဲ ရိုးမားက ကမ်းလှမ်းလာတယ်ဆိုတဲ့ အခွင့်အရေးကို သိလိုက်ရပြီး ကျွန်တော် နှစ်ခါတောင် ပြန်မစဉ်းစားတော့ဘဲ ရိုးမားကို လာချင်တယ်လို့ ချက်ချင်းပြောခဲ့တာပါ" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် အခုလို အခွင့်အရေးပေးခဲ့တဲ့အတွက် ကလပ်အသင်း တာဝန်ရှိသူတွေ၊ ပိုင်ရှင်တွေနဲ့အတူ ဒါရိုက်တာ ရစ်ကီ မာဆာရာ၊ နည်းပြ ဂီယန် ပီယာရို ဂတ်စ်ပါရီနီ အပါအဝင် လူတိုင်းကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဇာရာဂိုဇာက ဆက်လက်ပြီး "ကျွန်တော် ဒီကို မျှော်လင့်ချက်အပြည့်နဲ့ ရောက်လာတာပါ။ အသင်းအတွက် အရေးပါတဲ့သူ ဖြစ်ချင်တယ်၊ ဆုဖလားတွေ ဆွတ်ခူးချင်သလို နောက်နှစ်မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကစားချင်ပါတယ်" လို့ သူ့ရဲ့ ရည်မှန်းချက်တွေကို ဖွင့်ဟခဲ့ပါတယ်။
ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ ဂီယန် ပီယာရို ဂတ်စ်ပါရီနီနဲ့ ပတ်သက်ပြီးတော့လည်း ဇာရာဂိုဇာက "သူ့ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ပြီးခဲ့တဲ့နှစ်က သူ့အသင်း ကစားပုံကို ကျွန်တော် တော်တော်လေး သဘောကျခဲ့တာပါ။ သူတို့ရဲ့ ကစားဟန်က ကြည့်လို့ တော်တော်ကောင်းပြီး အရည်အသွေးမြင့်တဲ့ ကစားဟန်နဲ့ ကစားနိုင်ကြပါတယ်" လို့ ချီးကျူးခဲ့ပါတယ်။
"အခုလို စိန်ခေါ်မှုအသစ်ကို စတင်ဖို့အတွက် ကျွန်တော် စိတ်အားထက်သန်နေပါပြီ။ နည်းပြဆီကနေ သင်ယူရမယ့်အရာတွေကိုလည်း သိချင်နေပါပြီ။ သူက ကျွန်တော့်ကို ကူညီပေးမှာဖြစ်လို့ သူ့ဆီကနေ အများကြီး သင်ယူသွားမှာပါ" လို့လည်း ဇာရာဂိုဇာက အားတက်သရော ပြောကြားခဲ့ပါတယ်။