The network connection is lost.

Banner Image

ဟန်စီဖလစ် အလိုရှိသလောက် ဘာစီလိုနာမှာ ဆက်နေခွင့်ပေးသွားမယ်လို့ ဥက္ကဋ္ဌ လာပေါ်တာ ကတိပြု

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျိုအန်လာပေါ်တာက နည်းပြ ဟန်စီဖလစ်အနေနဲ့ အလိုရှိသရွေ့ အသင်းမှာ နည်းပြအဖြစ် ဆက်လက်နေထိုင်နိုင်ကြောင်း ကတိပေးပြောကြားလာခဲ့ပါတယ်။

ဟန်စီဖလစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်မှုမှာတင် လာလီဂါချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း ဘာစီလိုနာအသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဦးဆောင်နိုင်အောင် လမ်းပြပေးနေတာဖြစ်ပါတယ်။

တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လာပေါ်တာက "သူ့လို အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုရှိတဲ့နည်းပြတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရဖို့က ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပါတယ်။ သူဟာ နည်းပြတစ်ယောက်အနေနဲ့ ထူးချွန်ရုံတင်မကဘဲ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့လည်း ပိုပြီးတော့တောင် လေးစားစရာကောင်းသူပါ" လို့ ချီးကျူးခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက "သူ ကျွန်တော်တို့ဆီကို စတင်ရောက်ရှိလာတဲ့နေ့ကတည်းက ကျွန်တော်တို့ဟာ အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုကို လုပ်နိုင်ခဲ့ပြီဆိုတာ သိလိုက်ပါတယ်။ သူဟာ အဖက်ဖက်က ပြည့်စုံတဲ့ နည်းပြတစ်ယောက်ဖြစ်သလို လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရင့် ကစားသမားတွေကို ဘယ်လိုစုစည်းပြီး စီမံခန့်ခွဲရမလဲဆိုတာကိုလည်း ကောင်းကောင်းကြီး သိထားသူပါ" လို့ ဆိုပါတယ်။

လာပေါ်တာက ဟန်စီဖလစ်အပေါ် ယုံကြည်မှုအပြည့်ရှိနေပြီး "အကယ်၍ ကျွန်တော်သာ ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံရမယ်ဆိုရင် သူကိုယ်တိုင် ထွက်ခွာဖို့ ဆုံးဖြတ်တဲ့အချိန်အထိ အသင်းမှာ ဆက်ရှိနေစေမှာပါ" လို့ အာမခံချက်ပေးကာ ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာတော့ ဟန်စီဖလစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်အထိ ရှိနေတာဖြစ်ကြောင်း သိရပါတယ်။