ဖရက်တက်စီရဲ့ နော်တင်ဟမ်ဖောရက်စ်ထံ ပြောင်းရွှေ့မယ့်အစီအစဉ်ကို နည်းပြ ချီဗူး ပိတ်ပင်
ဆောင်းရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်တွေအတွင်းမှာ အင်တာမီလန်ကွင်းလယ်လူ ဒါဗီဒီ ဖရက်တက်စီ အနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် အသင်းနည်းပြ ခရစ္စတီယန် ချီဗူး က တားဆီးပိတ်ပင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပါတယ်။
တီအမ်ဒဗလျူ သတင်းဌာနရဲ့ ဖော်ပြချက်အရ မနေ့ညက အပြောင်းအရွှေ့ ဈေးကွက်ပိတ်ခါနီး အချိန်မှာ နော့တမ်ဟမ်ဖောရက်စ်အသင်းက အီတလီလက်ရွေးစင် ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် နောက်ဆုံးမိနစ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ကမ်းလှမ်းမှုကို အင်တာမီလန် အသင်းတာဝန်ရှိသူတွေဘက်က လက်ခံခဲ့သလို ကစားသမားဖြစ်သူ ဖရက်တက်စီကိုယ်တိုင်ကလည်း အင်္ဂလန်မြေကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပါတယ်။
ဒါပေမဲ့ အသင်းနှစ်ဖက်ကြား စာချုပ်စာတမ်းကိစ္စတွေဆောင်ရွက်တော့မယ့် အချိန်မှာပဲ နည်းပြ ချီဗူး က ကြားဖြတ်ဝင်ရောက်လာပြီး ဖရက်တက်စီ အနေနဲ့ အသင်းကနေ ထွက်ခွာခွင့်မရှိဘူးလို့ ဆိုကာ အပြောင်းအရွှေ့ကို ပိတ်ပင်တားဆီးခဲ့တယ်လို့သိရပါတယ်။
ရိုမေးနီးယားလူမျိုး နည်းပြ ချီဗူး ဟာ ပြီးခဲ့တဲ့ အပတ်က ဖရက်တက်စီနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရာသီရဲ့ ဒုတိယပိုင်းမှာ ပွဲထွက်ကစားခွင့်တွေ ပိုမိုရရှိလာမယ်လို့ ကတိပေး အာမခံခဲ့တာလည်း ဖြစ်ပါတယ်။
နည်းပြ ချီဗူး ဟာ သူပေးထားတဲ့ ကတိအတိုင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကစားခဲ့တဲ့ ခရီမိုနိစ် အသင်းနဲ့ ပွဲစဉ်မှာ ဖရက်တက်စီကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။