အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒကို မကျေနပ်လို့ ပါဝင်ကစားပေးဖို့ငြင်းဆန်ခဲ့တဲ့ ရော်နယ်ဒို ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ အပြောင်းအရွှေ့မူဝါဒကို မကျေနပ်တာကြောင့် အသင်းမှာ ပါဝင်ကစားခြင်းမပြုဘူးလို့ သိရပါတယ်။ ဒီလုပ်ရပ်အပေါ် တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ် အဖြစ် ဘောလုံးလောကအတွင်း ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ အယ်လ်ရီယတ်နဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ သူဟာ အသင်းမှာ ရွေးချယ်ခံဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုလို ပွဲစဉ်ကို လွဲချော်ခဲ့တာလို့ သတင်းတွေက ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်တန်းကလပ် ၄ သင်းကို ပိုင်ဆိုင်ထားတဲ့ ဆော်ဒီ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (PIF) က အယ်လ်နာဆာအသင်းအတွက် ကစားသမားသစ်ခေါ်ယူဖို့ ငွေကြေးသုံးစွဲမှု အားနည်းနေတာကို စိတ်ပျက်နေတာ ဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းဟာ အခုအချိန်အထိ အသက် ၂၁ နှစ်အရွယ် အီရတ်ဗဟိုနောက်ခံလူ ဟေယာ အဗ္ဗဒူလ်ကရင်မ် တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်တာပါ။
မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းက အယ်လ်အစ်တီဟတ်အသင်းကနေ ကရင်မ် ဘန်ဇီးမားကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် အထူးမကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။
သတင်းထောက် ဘန် ဂျေကော့စ်က "ရော်နယ်ဒိုဟာ PIF ရဲ့ ဗျူဟာကိုတော်တော်မကျေနပ်ဖြစ်နေတာပါ။ အယ်လ်ဟီလယ်အသင်းကို ကမ္ဘာ့ကလပ်များ ဖလားပြိုင်ပွဲမတိုင်ခင် ငွေကြေးအမြောက်အမြား သုံးခွင့်ပေးပြီး အယ်လ်နာဆာကိုတော့ ဘာလို့ အနည်းငယ်ပဲ သုံးခွင့်ပေးတာလဲဆိုတာကို သူက မေးခွန်းထုတ်နေတာပါ" လို့ ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် အချို့ကလည်း ရော်နယ်ဒိုဟာ သူ့ရဲ့အသင်းဖော်ဟောင်း ဘန်ဇီးမားကို အယ်လ်ဟီလယ်သို့ မသွားစေချင်ဘဲ အယ်လ်အစ်တီဟတ်မှာပဲ ဆက်နေစေချင်တာ ဒါမှမဟုတ် အယ်လ်နာဆာကိုပဲ လာစေချင်တာမျိုး ရှိခဲ့တယ်လို့ ယူဆနေကြပါတယ်။
အခုလို အသင်းအတွက် ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ရော်နယ်ဒိုဟာ ဒဏ်ရိုက်ခံရဖို့ ရှိနေပြီး အရေးယူမှုတွေနဲ့လည်း ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
လီဗာပူးလ် ကွင်းလယ်လူဟောင်း ဒန်နီမာဖီကတော့ ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ "ရော်နယ်ဒိုအနေနဲ့ အသင်းမှာ ကစားသမားသစ်တွေ ပိုခေါ်နိုင်ဖို့ သူ့ရဲ့ ဝင်ငွေတချို့ကိုတောင် ပြန်လှူသင့်ပါတယ်။ ကျွန်တော့်တစ်သက်မှာ ဒီလောက် ရယ်စရာကောင်းပြီး တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်မျိုး မကြားဖူးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ဘန်ဇီးမားတို့လို ဝင်ငွေအမြောက်အမြား ရရှိနေတဲ့ ကစားသမားတွေအနေနဲ့ အခုလို အသင်းစီမံခန့်ခွဲမှုအပေါ် စိတ်ပျက်တာ၊ မကျေမနပ်ဖြစ်တာမျိုးဟာ တကယ်ကို ထူးဆန်းပြီး မဖြစ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့လည်း ဒန်နီမာဖီက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။