ယူနိုက်တက်ကြယ်ပွင့် ကိုဘီမိုင်နူးရဲ့ သန်မာမှုကြောင့် အံ့အားသင့်ခဲ့ရကြောင်း ဖူလ်ဟမ်ကွင်းလယ်လူ အီဝိုဘီ ဖွင့်ဟ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယာယီနည်းပြ မိုက်ကယ် ကာရစ် ကိုင်တွယ်ခဲ့တဲ့ တတိယမြောက် ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အကြိတ်အနယ် ကစားပြီး အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ဟာ ပွဲပြီးခါနီး ၁၀ မိနစ်အလိုအထိ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း ခြောက်မိနစ်အတွင်း ဖူလ်ဟမ်ဘက်က ချေပဂိုး နှစ်ဂိုး ပြန်လည်သွင်းယူသွားတာကြောင့် ပရိသတ်တွေ ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပါတယ်။
သို့သော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ တိုက်စစ်မှူးဘင်ဂျမင် ဆက်စကိုက အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ သုံးမှတ်အပြည့် ရရှိခဲ့တာ ဖြစ်ပါတယ်။
မိုက်ကယ် ကာရစ် လက်ထက်မှာ ကိုဘီ မိုင်နူးနဲ့ ကတ်စ်မဲရိုးတို့ရဲ့ ကွင်းလယ်အတွဲအဖက်ဟာ အထူးခြေစွမ်းပြနေတာပါ။ ဒါပေမဲ့ ပွဲကစားချိန် ၇၄ မိနစ်မှာ ကတ်စ်မဲရိုးကိုထုတ်ကာ မန်နူရယ် အူဂါတေးကို လူစားလဲ ဝင်ရောက်စေခဲ့ပြီးနောက် ဖူလ်ဟမ်တို့ ချေပဂိုးတွေ ပြန်သွင်းဖို့ အခွင့်အရေး ရသွားခဲ့တာကို တွေ့ရပါတယ်။
အသက် ၂၀ အရွယ် အင်္ဂလန်သားလေး ကိုဘီ မိန်းနူးဟာ ဒီပွဲမှာလည်း ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် ပွဲထွက်ခွင့်ရရှိခဲ့ပြီး အကောင်းဆုံး ပုံစံမှာ ရှိနေခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ဘောလုံးမရှိတဲ့ အချိန်တွေမှာ ပြိုင်ဘက်ကို အကောင်းဆုံး ဖိအားပေးနိုင်သလို ဘောလုံးရရှိချိန်မှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် မိုင်နူးရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုဟာ ပြိုင်ဘက် ဖူလ်ဟမ်ကွင်းလယ်လူ အဲလက်စ် အီဝိုဘီကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။ အီဝိုဘီဟာ ပရီးမီးယားလိဂ်ရဲ့ သန်မာတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမဲ့ မိန်းနူးနဲ့ ထိတွေ့မှုမှာတော့ အတော်လေး ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။
အီဝိုဘီက သူ့ရဲ့ ယူကျု ဗီဒီယိုမှာ "ကိုဘီ မိုင်နူးကို ချီးကျူးချင်ပါတယ်။ ဒါပေမဲ့ ကိုဘီရေ မင်းက ငါ့လက်ကို အတော်လေး နာကျင်အောင် လုပ်ခဲ့တာပဲ။ ဒီကောင်မှာ ဂါနာလူမျိုးတွေရဲ့ သန်မာမှုမျိုး ရှိနေတာပဲ" လို့ ရယ်မောရင်း ဖွင့်ဟခဲ့ပါတယ်။
မိုင်နူးဟာ လက်ရှိ ယူနိုက်တက်ရဲ့ ရလဒ်ကောင်းတွေမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတာကြောင့် သူ့ရဲ့ ခြေစွမ်းအပေါ် အများက ချီးကျူးနေကြတာပါ။ ဒါကြောင့် အရင်နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ မိုင်နူးကို ပွဲထွက်ခွင့်ပေးဖို့ ဝန်လေးခဲ့တာဟာ စဉ်းစားစရာ ဖြစ်လာစေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်ဟာ မိုင်နူးနဲ့ စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပေမဲ့ နည်းပြ ရူဘင် အမော်ရင်က အတည်မပြုခဲ့တာကြောင့် စာချုပ်ကိစ္စ ကြန့်ကြာနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အခုအခါမှာတော့ ယူနိုက်တက်ဟာ မိုင်နူးကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။ ကတ်စ်မဲရိုးဟာ အသင်းမှာ ကစားသမားဘဝ အဆုံးသတ်ဖို့ နီးစပ်နေပြီ ဖြစ်တာကြောင့် မိုင်နူးဟာ အနာဂတ်မှာ ယူနိုက်တက်ရဲ့ ကွင်းလယ်မဏ္ဍိုင် ဖြစ်လာဖို့ ရှိနေပါတယ်။