လူသားချင်းစာနာမှုနဲ့ အပြစ်မဲ့သူတွေရဲ့ အသက်ကို ကာကွယ်ဖို့အတွက် အမြဲတမ်း ရပ်တည်ပြောဆိုသွားမယ်လို့ ဆိုလာတဲ့ ပက်ဂွါဒီယိုလာ
မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး သူအနေနဲ့ မဖြစ်မနေ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ခံစားရကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ သူဟာ ဇာတိမြေဖြစ်တဲ့ ဘာစီလိုနာမြို့မှာ ကျင်းပတဲ့ ပရဟိတပွဲတစ်ခုကို တက်ရောက်ပြီး ပါလက်စတိုင်းကလေးငယ်တွေအတွက် ထောက်ခံအားပေးတဲ့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ စပိန်လူမျိုးနည်းပြကြီးအနေနဲ့ ဘောလုံးလောကပြင်ပက ကိစ္စရပ်တွေအပေါ် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်း မဟုတ်သလို၊ အခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း သူဘာကြောင့် အခုလို ရပ်တည်နေရသလဲဆိုတာကို သတင်းထောက်တွေကို စိတ်အားထက်သန်စွာ ရှင်းလင်းခဲ့ပါတယ်။
"လူသားမျိုးနွယ်သမိုင်းတစ်လျှောက်မှာ အခုလိုမျိုး အချက်အလက်တွေကို မျက်ဝါးထင်ထင် မြင်တွေ့နေရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ပါလက်စတိုင်းက လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ ယူကရိန်း၊ ရုရှားနဲ့ ဆူဒန်အပါအဝင် ကမ္ဘာအနှံ့မှာ ဘာတွေဖြစ်နေလဲဆိုတာကို အရင်ကထက် ပိုမိုရှင်းလင်းစွာ မြင်တွေ့နေရတာပါ" လို့ ဂွါဒီယိုလာက ဆိုပါတယ်။
သူက ဆက်လက်ပြီး "ကျွန်တော်တို့ ရှေ့မှောက်မှာ ဖြစ်ပျက်နေတာတွေကို ခင်ဗျားတို့ မြင်ချင်ရဲ့လား။ ဒါဟာ လူသားချင်းအနေနဲ့ ကျွန်တော်တို့အားလုံးရဲ့ ပြဿနာတွေပါ။ ဒီပုံရိပ်တွေကို ကမ္ဘာတစ်ဝန်းက မြင်တွေ့နေရပြီး ဘာမှမခံစားရတဲ့သူ ရှိပါ့မလား" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
"အရင်ကတော့ ကျွန်တော်တို့ ဒါတွေကို မမြင်ခဲ့ရဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ မြင်နေရပြီ။ ဒါက ကျွန်တော့်ကို နာကျင်စေပါတယ်။ ဘယ်ဘက်အခြမ်းကပဲဖြစ်ဖြစ်၊ တခြားနိုင်ငံတစ်ခုကို ထိခိုက်စေချင်တာမျိုး၊ အပြစ်မဲ့တဲ့သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်နေတာမျိုးက ကျွန်တော့်ကို တကယ်ပဲ နာကျင်စေပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက သူရဲ့ ရပ်တည်ချက်ဟာ တစ်စုံတစ်ယောက်ရဲ့ အယူအဆကို ကာကွယ်ဖို့အတွက် လူပေါင်းများစွာကို သတ်ဖြတ်နေတာမျိုးကို လက်မခံနိုင်တာဖြစ်ပြီး အဲ့ဒီအတွက် သူဟာ အမြဲတမ်း ရပ်တည်ပြောဆိုသွားမှာဖြစ်ကြောင်း အလေးအနက် ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ ရပ်တည်ချက်ဟာ နိုင်ငံရေးအရ ဘက်လိုက်ခြင်းမဟုတ်ဘဲ အရပ်သားတွေ ဒုက္ခရောက်နေတဲ့နေရာတိုင်းမှာ လူသားတွေရဲ့ အသက်ကို ကာကွယ်ဖို့သာ ဖြစ်တယ်လို့ အသက် ၅၅ နှစ်အရွယ် နည်းပြကြီးက အခိုင်အမာ ပြောကြားခဲ့ပါတယ်။
"စစ်ဘေးကြောင့် ကိုယ့်နိုင်ငံကနေ ထွက်ပြေးရတဲ့သူတွေ၊ ပင်လယ်ထဲမှာ လှေငယ်လေးတွေနဲ့ အသက်လုနေရသူတွေကို မြင်ရင် သူတို့ မှန်လား မှားလားဆိုတာ မမေးပါနဲ့၊ အရင်ဆုံး သူတို့ကို ကယ်တင်လိုက်ပါ။ ဒါဟာ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်ပါ" လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။
"ကျွန်တော်တို့မှာရှိတဲ့ နည်းပညာတွေနဲ့ဆိုရင် လကမ္ဘာအထိတောင် သွားနိုင်နေပါပြီ။ လူသားတွေဟာ အရင်ကထက် အခွင့်အလမ်းတွေ ပိုများလာပေမဲ့ အခုထိ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြတုန်းပဲ။ ဒီလိုလုပ်နေတာတွေက ဘာအတွက်ပါလဲ" လို့လည်း စိတ်မကောင်းစွာနဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဂွါဒီယိုလာက ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့အတွက် သူတတ်နိုင်တဲ့ဘက်ကနေ အမြဲတမ်း ကူညီပြောဆိုသွားမှာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုအပါအဝင် ဘယ်လူ့အဖွဲ့အစည်းမှ မပြည့်စုံတဲ့အတွက် အားလုံး ပိုကောင်းအောင် အတူတူ ကြိုးစားကြရမှာဖြစ်တယ်လို့ နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။