အင်္ဂါနေ့ညက ကစားခဲ့တဲ့ ပိုကယ်လ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ လေဗာကူဆင်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာလာရမှုအပေါ် စိန့်ပေါ်လီနည်းပြဘလက်ဆင် စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။
ဘေးအရီနာကွင်းပွဲစဉ်အတွင်း စိန့်ပေါ်လီက အခွင့်အရေးအချို့ဖန်တီးနိုင်ခဲ့ပေမဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိလို့ ပြိုင်ဘက်လေဗာကူဆင်ရဲ့ ၃-၀ ဂိုးဖြင့် အနိုင်ယူမှုကို ခွင့်ပြုပေးလိုက်ရပါတယ်။
ပထမပိုင်းပွဲချိန်တွေမှာ အသင်းရဲ့ ကစားပုံကောင်းမွန်ခဲ့ပေမဲ့ အဆုံးသတ်မသေချာမှုတွေကြောင့် ရလဒ်ပိုင်းပြောင်းလဲသွားခဲ့တယ်လို့ ဘလက်ဆင်က ယုံကြည်နေပါတယ်။ "တကယ့်ကို နှမြောဖို့ကောင်းပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဒီထက်ပိုတဲ့ ရလဒ်မျိုး ရသင့်တာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ပိတ်လှောင်မိသလို ဖြစ်သွားခဲ့ပါတယ်။ ပထမဂိုးက ဘာမှမဟုတ်တဲ့ အနေအထားကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ဒီထက်ပိုပြီး ကောင်းကောင်း ကာကွယ်နိုင်ခဲ့သင့်ပါတယ်" လို့ ဘလက်ဆင်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ပွဲစဉ်အပေါ်စီမံခန့်ခွဲပုံ အားနည်းချက်တွေကလည်း ရှုံးနိမ့်မှုရဲ့ အဓိကအချက်ဖြစ်တယ်လို့ အသက် ၅၂ နှစ်အရွယ်နည်းပြက ထောက်ပြခဲ့ပါတယ်။
"ဂိုးတွေပေးလိုက်ရတဲ့ပုံစံကလည်း စဉ်းစားစရာပါ။ ကျွန်တော်တို့ အဲဒါကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်ပြနိုင်ခဲ့မှာဖြစ်လို့ တကယ့်ကို နှမြောစရာပါပဲ။ အခုတော့ ဒီရလဒ်ကို လက်ခံရမှာဖြစ်ပြီး ဘွန်ဒက်လီဂါပွဲစဉ်တွေကိုပဲ အာရုံစိုက်သွားရပါမယ်။ လာမယ့်သီတင်းပတ်ကုန် စတုဂတ်နဲ့ပွဲစဉ်မှာ ဒီထက်ပိုကောင်းအောင် လုပ်ဆောင်သွားရပါမယ်" လို့ ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အခုဆိုရင် စိန့်ပေါ်လီအသင်းက ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။