The network connection is lost.

Banner Image

နိုင်ပွဲရရှိပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို အားမရသေးတဲ့ လေဗာကူဆင်ကပ္ပတိန်အန်းဒရစ်ချ်

မနေ့ညပိုင်း၊ ပိုကယ်လ်ဖလားပြိုင်ပွဲမှာ လေဗာကူဆင်က စိန့်ပေါ်လီကို ၃ -၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လေဗာကူဆင်အတွက် တာရီယာ၊ ပက်ထရစ်ရှချ်ခ်နဲ့ ဟော့ဖ်မန်းတို့က ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် လေဗာကူဆင်ဟာ သုံးနှစ်ဆက်တိုက် ပိုကယ်လ်ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်တဲ့မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ လေဗာကူဆင်အသင်းခေါင်းဆောင်အန်းဒရစ်ချ်က သူတို့အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ပွင့်ပွင့်လင်းလင်း သုံးသပ်ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အန်းဒရစ်ချ်က " ကျွန်တော်တို့ကိုယ်တိုင် ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုရင်တောင် ဒီနေ့ပွဲမှာ စိန့်ပေါ်လီဟာ ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်လောက်တဲ့ အရည်အသွေးမျိုး မရှိခဲ့ပါဘူး" လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
ရလဒ်အရ သက်သောင့်သက်သာ နိုင်ပွဲရခဲ့ပေမယ့် စိတ်ကျေနပ်မှု အပြည့်အဝ မရှိကြောင်းကိုလည်း သူက ဆက်လက် ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် ဖလားပြိုင်ပွဲတွေမှာ နောက်တစ်ဆင့် တက်နိုင်ဖို့ကသာ အရေးကြီးဆုံး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

"ဖလားပွဲတွေမှာတော့ နောက်တစ်ဆင့် တက်ဖို့က အဓိကပါပဲ။ အခု ကျွန်တော်တို့ အဲ့ဒါကို လုပ်နိုင်ခဲ့ပါပြီ။ နောက်ထပ် တစ်ပွဲပဲ ကျန်တော့တယ်၊ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ ဘာလင်ဆီပြန်ရောက်ပါပြီ" လို့ အန်းဒရစ်ချ်က ပြောပါတယ်။

ဒါ့အပြင် အသက် ၃၁ နှစ်အရွယ် အန်းဒရစ်ချ်က လေဗာကူဆင်အနေနဲ့ အကောင်းဆုံးပုံစံရဖို့ လိုအပ်နေသေးပုံနဲ့ ပြုပြင်ရမယ့်အချက်တွေကို ထောက်ပြသွားခဲ့ပါတယ်။

အသေးစိတ် ကြည့်မယ်ဆိုရင် တိုးတက်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သူက ယူဆနေပါတယ်။ ရရှိတဲ့ အခွင့်အရေးတွေကို ပိုမိုအသုံးချနိုင်ဖို့ လိုအပ်သလို၊ ဘောလုံး ပြန်လည်လုယူနိုင်မှု အပိုင်းတွေမှာလည်း အားနည်းချက်ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

အထူးသဖြင့် ဖရန့်ဖတ်နဲ့ရင်ဆိုင်ခဲ့ချိန်လို ခံစစ်ပိုင်းမှာ ပြင်းပြင်းထန်ထန်ဖိအားပေးကစားနိုင်မှုမျိုး မရှိခဲ့တာကိုလည်း အန်းဒရစ်ချ်က အသိပေးပြောကြားသွားခဲ့ပါတယ်။