ကယ်လီဖိုးနီးယားမှာ လူငယ်အကယ်ဒမီသစ်တစ်ခုဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတဲ့ ဘိုင်ယန်မြူးနစ်
ဂျာမနီရဲ့အအောင်မြင်ဆုံးကလပ်အသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ လူငယ်အကယ်ဒမီအသစ်တစ်ခု ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
BILD သတင်းဌာနသတင်းထောက်အယ်လ်ရှက်ဖယ်လ်ရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ အမေရိကန်အခြေစိုက်လူငယ်ကြယ်ပွင့်တွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့အတွက် အခုလို စီစဉ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဘာဗေးရီးယန်းကလပ်ဟာ ကယ်လီဖိုးနီးယားရှိ ‘Chula Vista Elite Athlete Training Center’ မှာ နေရာတစ်ခုကို ရေရှည်ငှားရမ်းပြီး ကိုယ်ပိုင်အကယ်ဒမီနယ်မြေတစ်ခုအဖြစ် တည်ထောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
အဆိုပါ အကယ်ဒမီကို အသက် ၁၅ နှစ်အောက်နဲ့ ၁၇ နှစ်အောက် လူငယ်ကစားသမားတွေအတွက် အထူးရည်ရွယ်ပြီး တည်ဆောက်သွားဖို့ ရှိနေပါတယ်။
ဂျာမနီနိုင်ငံဆီ ပြောင်းရွှေ့အခြေချခွင့်မရရှိသေးတဲ့ အသက်အရွယ်မပြည့်သေးတဲ့ လူငယ်ကစားသမားလေးတွေအတွက် အခုလို အမေရိကန်မှာ အကယ်ဒမီဖွင့်လှစ်ခြင်းအားဖြင့် အရည်အချင်းရှိတဲ့ လူငယ်တွေကို ကြိုတင်လက်ဦးမှုရယူစုဆောင်းနိုင်ဖို့ ပြင်ဆင်ထားပါတယ်။
ဒါ့အပြင် ဒီအကယ်ဒမီတည်ထောင်ခြင်းဟာ အမေရိကန်မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ LAFC နဲ့ ဘိုင်ယန်မြူးနစ်တို့အကြား ရှိထားတဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့လည်း ရည်ရွယ်ထားတာပါ။
ဘိုင်ယန်မြူးနစ်နဲ့ LAFC တို့က ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း မြူးနစ်မြို့မှာ အခြေစိုက်တဲ့ ‘Red&Gold Football’ အမည်ရှိ ဖက်စပ်လုပ်ငန်းတစ်ခုကို တည်ထောင်ပြီး မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ပူးပေါင်းခဲ့ကြပါတယ်။
အဆိုပါ အချိုးတူပူးပေါင်းဆောင်ရွက်မှုဟာ ကယ်လီဖိုးနီးယားမှာ လူငယ်ကစားသမားသစ်တွေ ဖော်ထုတ်ဖို့၊ ပရော်ဖက်ရှင်နယ်လမ်းကြောင်းတွေ ဖန်တီးပေးဖို့နဲ့ နိုင်ငံတကာအဆင့် ကစားသမားရှာဖွေရေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။